သမ္မတဦးသိန်းစိန် နဲ့ ဘီဘီစီ အင်တာဗျူး (အပိုင်း ၂)

U Thein Sein BBC interview
Image caption နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ခံယူချက်သဘောထား

ဘီဘီစီရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဂျိုနာဖစ်ရှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ အပိုင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်မယ့် အလားအလာ၊ ကျောင်းသားဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်းမှု အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။

အပိုင်း ၂

ဂျိုနာဖစ်ရှာ -- ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားတွေဟာ ဗြိတိသျှနိုင်ငံသားတွေ ဖြစ်နေလို့ဆိုပြီး သူ မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်ခွင့်မရှိပဲ ဖြစ်နေပါတယ်။ တကယ်လို့ လာမယ့် နိုဝင်လာလမှာ လုပ်မယ့် ရွေးကောက်ပွဲမှာ လူထုက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီကို တခဲနက် ရွေးချယ်မဲပေးခဲ့ကြမယ် ဆိုရင် သမ္မတကြီး စောစောကပြောခဲ့သလို လူထုဆန္ဒအရ ဖွဲ့စည်းပုံကို ကျော်ပြီး သမ္မတ ဖြစ်ပိုင်ခွင့် မရသင့်ဘူးလား။

ဦးသိန်းစိန် -- လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလာမယ့် ပါတီက အစိုးရဖွဲ့ နိုင်တဲ့ အင်အားရှိရင် အစိုးရ ဖွဲ့ရမှာဖြစ်ပါတယ်။ဘယ်ပါတီပဲ ဖြစ်ဖြစ် အနိုင်ရသူက အစိုးရဖွဲ့မယ်။ လွှတ်တော်ထဲမှာလည်း အများစုဖြစ်လာမယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မဖြစ်ရေးဟာ constitution နဲ့ ဆိုင်ပါတယ်။ Constitution အရလည်း တိုင်းပြည်ရဲ့အချုပ် အခြာ တည်တန့်ခိုင်မြဲဖို့ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဆက်ဆက်က ဟိုတုန်းကတည်းက ဒီမူဝါဒတွေကို ချခဲ့တာလို့ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ ကတော့ မြန်မာနိုင်ငံသား တိုင်းရင်းသား ဘယ်သူ့ကို မဆို နိုင်ငံရေးမှာ အဟန့် အတား မရှိစေချင်ပါဘူး။ သို့သော်လည်းပဲမြန်မာပြည်ရဲ့အချုပ်အချာခိုင်မြဲဖို့ အထက်ကနေ ခေါင်းဆောင် အဆင့်ဆင့်ကနေ ချမှတ် ခဲ့တာ ဖြစ်လို့လွှတ်တော် ထဲမှာ အားလုံးသဘောတူပြီးလို့ပြင်ဆင်ကြလို့ဖြစ်တယ်ဆိုရင်လည်း ကျွန်တော်က ဘာမှ ပြောစရာ မရှိပါဘူး။ သူ့ကို မဖြစ်စေချင်တဲ့ဆန္ဒ မရှိပါဘူး။

ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်တဲ့နေရာ မှာ အပိုင်း နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းကတော့လွှတ်တော်ထဲမှာ ပြင်လို့ရတဲ့ ဥပဒေ တွေ ပါသလို တချို့ ကတော့ ပြည်သူတွေရဲ့သဘောဆန္ဒကို ရယူပြီးတော့မှ referendum လုပ်ပြီးတော့မှ ပြင်ရတာတွေ ပါပါတယ်။ ပြည်သူလူထုက သဘောတူတယ် ဆိုရင် ကျွန်တော်က ပြည်သူထဲက တစ်ဦးဖြစ်လို့ ဘာမှ ငြင်းကွယ် စရာ မရှိပါဘူး။ သို့သော်လည်းပဲ ခင်ဗျားသိဖို့က ကျွန်တော်တို့ အရှေ့တိုင်းသား တွေဟာ အနောက်တိုင်းသားတွေနဲ့ဓလေ့ စရိုက်မတူပါဘူး။ ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်တဲ့သူက ကိုယ့်နိုင်ငံသားတွေပဲ ဖြစ်စေချင်ပါတယ်။ အမျိုးသားကလည်း ကိုယ့်နိုင်ငံသား၊ ကိုယ့်တိုင်းရင်းသားဖြစ်စေချင်တယ်။အမျိုးသမီးကလည်း ကိုယ့်နိုင်ငံသား ၊ ကိုယ့်တိုင်းရင်းသား ဖြစ်စေချင်တယ်။ ဥပမာ မလေးရှားကို ကြည့်ရင် မလေးရှား ဘုရင်ကလည်း မလေးရှားနိုင်ငံသားပါပဲ။ မိဘုရားကလည်း မလေးရှား နိုင်ငံသား ပါပဲ။ ဝန်ကြီးချုပ်ကလည်း မလေးရှားနိုင်ငံသားပါပဲ။ ဝန်ကြီးချုပ် ကတော်ကလည်း မလေးရှား နိုင်ငံသားပါပဲ။ အင်ဒိုနီးရှား နိုင်ငံကိုပဲ ကြည့်ကြည့်၊ စင်္ကာပူပဲကြည့်ကြည့်၊တရုတ်ပဲ ကြည့်ကြည့်၊အိန္ဒိယပဲ ကြည့်ကြည့် ဒါတွေ နမူနာ အားဖြင့် တွေ့ရမှာပါ။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ဆန္ဒက အဲဒီလို ရှိနေပါတယ်။ ပြည်သူလူထုသဘောတူလို့ပြင်တယ်ဆိုရင် ကျွန်တော် ဘာမှ ပြောစရာ မရှိပါဘူး။

မေး -- ဒီအခုဖွဲ့စည်းပုံမှာ သမ္မတ ဖြစ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ လူတစ်ဦး တစ်ယောက်ချင်းရဲ့ အရည်အချင်းသာမက သူတို့ရဲ့သားသမီးတွေ၊ ဇနီး ခင်ပွန်းတွေနဲ့ ပတ်သက်ပြီးတော့ ဖော်ပြထားတာဖြစ်လို့ တရားမျှတမှု ရှိနိုင်ပါ့မလား၊ ဒီတော့ လူထုဆန္ဒအတိုင်းဖြစ်အောင် လွှတ်တော်က လူထုဆန္ဒခံယူပွဲ ကျင်းပပြီးတော့ ဆုံးဖြတ်နိုင်အောင် လုပ်သင့်တယ်လို့ ထင်ပါသလား။ သမ္မတကြီးရဲ့ ကိုယ်ပိုင်အမြင်ကို သိပါရစေ။

ဖြေ -- ကျွန်တော် ပြောချင်တာကတော့ ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ပြဌာန်းထားတာ မဟုတ်ပါဘူး။ သူရဲ့အဖေ လက်ထက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ကတည်းက ထည့်ထားတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့နိုင်ငံက လူဦးရေ များတဲ့ တရုတ်နိုင်ငံ နဲ့အိန္ဒိယ နိုင်ငံ ကြားထဲမှာ နေနေရတာ။ တိုင်းပြည်ရဲ့အချုပ်အခြာကို ကာကွယ်ချင်လို့အဲဒါကို ထည့်ထားတာ။ နို့မို့ဆိုရင် ကျွန်တော်တို့ နိုင်ငံကို လူဦးရေ များတဲ့နိုင်ငံတွေက ဝါးမျိုသွားမှာပေါ့။ အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီးလုပ်ထားတာ မဟုတ်ပါဘူး။ ဟိုတုန်းက constitution မှာကတည်း အစဉ်အဆက် ကတည်းက ထည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော်ကလည်း ဒါကို ပြင်ခြင်တယ်။ လွတ်တော်ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း referendum လုပ်မယ်။ ပြည်သူလူထုကလည်း ပြင်ချင်တဲ့ဆန္ဒရှိလို့ပြင်မယ်ဆိုရင် ကျွန်တော် အနေနဲ့ သဘောတူရမှာပါ။ ဘာမှကန့်ကွက်စရာ မရှိပါဘူး။

ကျောင်းသား လှုပ်ရှားမှုကို ရဲတွေ အကြမ်းဖက် ဖြိုခွဲခြင်းအပေါ် သဘောထား

Image caption ရဲတွေက စည်းမျဉ်းနဲ့ အညီပဲ ကိုင်တွယ်ခဲ့တယ်လို့ ပြော

မေး -- လက်ပံတန်းမှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ကျွန်တော် စကားပြောခဲ့ ပါတယ်။ သူတို့ဟာ ရဲတွေရဲ့ ထိန်းသိမ်းခံနေရချိန်မှာ အရိုးကျိုးတဲ့သူ ကျိုး ဖြစ်ခဲ့ပါတယ်။ သမ္မတကြီးလည်း ဗီဒီယိုတွေ ကြည့်ရမယ် ထင်ပါတယ်။ ရဲတွေဟာ ကားမှန်တွေကို ရိုက်ခွဲ၊ ကျောင်းသားတွေနဲ့ ဘုန်းကြီးတွေကို လိုက်ရိုက်တာတွေ ရှိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု လုပ်မယ်ဆိုတဲ့ ကြေငြာချက်မျိုးတွေ မတွေ့ရသေးပါဘူး။ ရဲတွေရဲ့ လုပ်ရပ်တွေအပေါ် သမ္မတကြီး ဘယ်လို သဘောရပါသလဲ။

ဖြေ -- ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေရဲ့ဖြစ်စဉ်ဖြစ်ရပ်တွေကိုလည်း ခင်ဗျားတို့တွေ့ မှာပါ။ ကျွန်တော်တို့ထက် ပိုဆိုးပါတယ် ကိုင်တွယ်တာ။ မကြာခင်ကပဲ အမေရိကန်မှာ ဖြစ်တဲ့ ကိစ္စမှာ ပစ်သတ်တာတောင်မှ ရှိပါတယ်။ ရဲလုပ်ငန်းမှာ အဆင့်ဆင့် ရှိပါတယ်။ အဲတော့ ဒီဟာကို အကြမ်းဖက် ဖြိုခွဲတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့မှာ ဟိုက ရိုက်လို့ဒီကပြန်ပြီး ရိုက်ရတဲ့ သဘောပဲ ရှိတယ်။ ဟိုက ခဲနဲ့ပေါက်လို့ဒီက ကာကွယ်ရတဲ့သဘောပဲရှိတယ်။ တစ်ချက်မှ မျက်ရည်ယို ဗုံးတို့ဘာတို့နဲ့ပစ်ပြီး ဖြိုခွဲရတာတွေ၊ water canon နဲ့ ပစ်ပြီးတော့ဖြိုခွဲရတာတွေ၊ နောက်တခါ rubber bullet နဲ့ပစ်ပြီးတော့ ဖြိုခွဲရတာတွေ ဒါတွေ တစ်ခါမှ ကျွန်တော်တို့မရှိခဲ့ပါဘူး။ ဒါတွေဟာ ရဲလုပ်ငန်းမှာ အဆင့်ဆင့်ရှိပါတယ်။ ခင်ဗျားတို့ အီးယူကလည်း ရဲလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လာပြီးတော့ စနစ်တကျ သင်ကြားပေးနေတာတွေ ရှိပါတယ်။ အဲဒီတော့ ရဲဟာ နိုင်ငံတော် ကာကွယ်ရေး အတွက် တည်ငြိမ်အေးချမ်းရေး အတွက် သူရဲ့လုပ်ငန်းကို သူ အဆင့်ဆင့် လုပ်တာပဲ ဖြစ်ပါတယ်။ ဒါဟာ international practice ထက် ဘယ်ဟာ တစ်ခုမှ ကျော်လွန်ခြင်း မရှိပါဘူး။ ဒါထက် ဆိုးတဲ့ ထိန်းသိမ်းမှုတွေ အနောက်နိုင်ငံတွေမှာ ဒီကနေ့ထိ ဖြစ်နေတာပါပဲ။ နောက်တစ်ခု ကလည်း ခင်ဗျားတို့ကလည်း ရဲတွေ ဘက်က ဒီလို ဖြစ်တာကို တစ်ဖက်တည်း ကြည့်တာကိုး။ ဆန္ဒပြတဲ့သူတွေဘက်က ရဲတွေကို ခဲနဲ့ ပေါက်တာ ရဲအမျိုးသမီးတွေ ခေါင်းတွေ ကွဲသွားတာ၊ ရဲကားတွေ မှန်တွေ ကွဲသွားတာ၊ ရဲ အတားအဆီးတွေကို ရိုက်ချိုးပြီး ဖျက်ဆီးတာ ဒါတွေ အများကြီးပါပဲ။ ဒါတွေနဲ့ balance လုပ်ပြီး ကြည့်ဖို့ကောင်းတယ်။

မေး -- အဲဒီလိုလက်ပံတန်းမှာ ရိုက်နှက်ဖြိုခွင်းမှုတွေကြောင့် တချို့ကလည်း သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အပေါ်ယံကြောပဲ၊ နက်နက်နဲနဲ မရှိဘူးလို့ မြင်ကြတာကို ဘာပြောချင်ပါသလဲ။

ဖြေ -- ပြုပြင်ပြောင်းလဲစ နိုင်ငံတွေမှာ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေဟာ များပါတယ်။ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို အကုန်အပြည့်အဝ အစိုးရ သက်တမ်း တစ်ခုနဲ့ ဖော်ဆောင်ပေးဖို့ဆိုတာ ဘယ်အစိုးရ မှ လုပ်နိုင်တဲ့ အနေအထား မရှိပါဘူး။ ကျွန်တော်တို့ရဲ့လေးနှစ်တာ ကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲ ခဲ့တဲ့ ဖြစ်ရပ်တွေ၊ နောက် ကျွန်တော်တို့ရဲ့ တိုးတက် အောင်မြင်မှုတွေဟာ ဒါတွေကို ခင်ဗျားတို့ ကိန်းဂဏန်းနဲ့ ချကြည့်မယ် ဆိုရင် ကျွန်တော်တို့တွေဟာ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို အပြည့်အဝ မဖန်တီးပေးနိုင်သော်လည်းပဲ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြည်သူတွေ အတွက် များစွာ အကျိုးတွေ ဖြစ်ထွန်းစေတယ် ဆိုတာ ခင်ဗျား သိမှာပါ။

တရုတ် မြန်မာ နယ်စပ်က တိုက်ပွဲတွေ

မေး -- အခု တရုတ်မြန်မာ နယ်စပ်မှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အဲဒီမှာလည်း သူပုန်အဖွဲ့ သုံးဖွဲ့ထက်မနည်း ပါဝင်ပတ်သက် နေပါတယ်။ အဲဒီ ကိစ္စမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး ဘာပြောနိုင်ပါသလဲ။ နယ်စပ်မှာ သူပုန်တွေ လှုပ်ရှားနေတာကို တရုတ်တို့ အနေနဲ့ ဒီ့ထက်ပိုပြီး တားဆီးပေးနိုင်တယ်လို့ ယူဆပါသလား။

ဖြေ -- ဒီကိစ္စက ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းရေး ကိစ္စပါပဲ။ ကိုယ့်ပြည်တွင်းမှာ ဖြစ်နေတဲ့ပြဿနာမို့လို့ကိုယ်ပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ တရုတ်က ဝင်ပြီး ဖြေရှင်းပေးလို့မရပါဘူး။ ဒါ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ဖြေရှင်းရမယ့် ကိစ္စပဲဖြစ်တယ်။ တရုတ်ကလည်း တခြား နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ဘူးဆိုတဲ့ ရပ်တည်ချက်လည်း ရှိပါတယ်။

မေး -- အဲဒီ သူပုန်အဖွဲ့တွေဟာ တရုတ်နယ်စပ်ကို ဖြတ်ကျော်ဝင်ထွက် နေကြတယ်၊ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ဆိုလည်း တရုတ်နိုင်ငံထဲမှာ အချိန်တော်တော်ကြာကြာ နေခဲ့တယ်။ ဆိုတော့ အဲဒီအဖွဲ့တွေ တရုတ်နိုင်ငံထဲမှာ လူပြန်စုပြီး မြန်မာနိုင်ငံကို ပြန်ဝင်မတိုက်နိုင်အောင် တရုတ်တို့ အနေနဲ့ တားဆီးချင်တယ်ဆို တားဆီးနိုင်လိမ့်မယ်လို့ မယူဆဘူးလား။

ဖြေ -- ကျွန်တော်တို့နဲ့တရုတ်နိုင်ငံတို့ဟာ ရင်းနှီး ချစ်ကြည် ကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ နယ်စပ်ဒေသတွေ မှာတော့ ဒီလိုပဲ လူမျိုးစုတွေက အသွင်သဏ္ဍန်အားဖြင့် တူကြပါတယ်။ ဟိုဘက်ကလည်း ဒီဘက်မှာလာပြီး အလုပ်အကိုင် လုပ် ၊ ဒီဘက်ကလည်း တရုတ်ဘက်မှာ အလုပ်သွားလုပ်တာ ရှိပါတယ်။ သို့သော်လည်းပဲ တရုတ်ကတော့ သူ့နိုင်ငံထဲမှာ အခြေချပြီးတော့မှ မြန်မာနိုင်ငံကို နှောင့်ယှက် တိုက်ခိုက်တာတွေကို လက်မခံဘူးလို့ပြောထားပြီး ဖြစ်ပါတယ်။ တရုတ်ကလည်း လက်ခံမှာ မဟုတ်ပါဘူး။ သို့သော်လည်း တချို့ ကိစ္စတွေက လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့သူတို့ အကူအညီ ပေးရတာတွေ ရှိပါတယ်။ ဥပမာ ထွက်ပြေးသွားတဲ့သူတွေ၊ ဒဏ်ရာရလာတဲ့ သူတွေ ကို တော့လူသားချင်းစာနာ ထောက်ထားတဲ့ အနေနဲ့ကူညီပေးတာပါ။ မြန်မာနိုင်ငံကို နှောင့်ယှက်ဖို့သူ့နိုင်ငံထဲမှာ ခြေကုပ် ယူပြီးတော့ ဒီလို လုပ်တာကို တရုတ်ကလည်း ခွင့်မပြု ပါဘူး။ ဒီကိစ္စတွေက ကျွန်တော်တို့ နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ နှစ်နိုင်ငံ ညှိုနှိုင်း ဆောင်ရွက်ရင်းနဲ့ အဆင်ပြေသွားမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ အဆင်ပြေချောမေ့ြ ့သွားအောင်လည်း ကျွန်တော်တို့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်။

အပိုင်း ၁ ကို ဖတ်ရန်