DKBA ခေါင်းဆောင်ပိုင်း အပြောင်း အလဲလုပ်

  • 22 မတ် 2015
dkba ဓာတ်ပုံ မူပိုင် AFP
Image caption DKBA ကို ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် အဖြစ် နာမည်ပြောင်း

ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် DKBA ထိပ်တန်း ခေါင်းဆောင် ပိုင်းမှာ အပြောင်း အလဲ လုပ်လိုက် တာနဲ့ ပတ်သက် ပြီး DKBA က စနေနေ့ က ကရင်ဘာသာ နဲ့ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေး လို့ လူသိများတဲ့ DKBA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောလာပွယ် က သူ့ရာထူး ကို သူ့လက်ထောက် ကို လွှဲပေးတဲ့ ကြေညာချက် ထွက် လာတော့ မီဒီလောက ကော အိမ်နီးချင်း နိုင်ငံက လုံခြုံရေး တာဝန်ရှိသူ တွေပါ အတော် စိတ်ဝင်စား နေကြပါတယ်။

အဲဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး လောလောဆယ် ဦးစီးချုပ် ကျန်းမာရေး အတွက် ဆေးကုသ လို့ရအောင် အနားယူဖို့လိုလို့ အေးအေးဆေးဆေး အနားယူ ဆေးကုလို့ ရအောင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးကို ယာယီ လွှဲပြောင်းပေးတဲ့ သဘောပါပဲလို့ DKBA က ဗိုလ်မှူး စောထွန်းထွန်း ပြောပါတယ်။

ဗိုလ်ချုပ်ကြီး စောလာပွယ် ဟာ နိုင်ငံခြားကို သွားပြီး ဆေးကုသမှု ခံယူပြီး ပြန်လာတာ လည်း အတော် ကြာပါပြီ။ အဲဒီလို သွားနိုင်ဖို့ အတွက်လည်း အစိုးရက ကူညီ ပေးခဲ့ပါတယ်။

ဒီကြားထဲမှာ DKBA တပ်မှူး တချို့နဲ့ အစိုးရ ကြားမှာ မကြေလည် တာတွေ လည်း ရှိ ပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်ကြီး စောလာပွယ် ကျန်းမာရေး ချို့တဲ့ နေတဲ့ အချိန်မှာ သူ့နေရာ ကို အယူအဆ ပြင်းထန်တဲ့ တပ်မှူးတွေ နေရာ၀င်ယူသွားမှာ စိုးရိမ်တာကြောင့် အစိုးရက ဖိအားပေးပြီး တာဝန် အပြောင်းအလွှဲ လုပ်ခိုင်းတယ် လို့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။

ဗိုလ်မှူးစောထွန်းထွန်းက ဖိအားပေးပြီးတော့ ထွက်ခိုင်းရအောင် DKBA အနေနဲ့ များများစားစား အစိုးရ ဆီက ဘာ တန်ဖိုးမှ လက်ခံ ယူထားတာ မရှိဘူး။ အဲဒါကြောင့် ဘယ်လို အကြောင်းအရာနဲ့မှ ဖိအားပေးလို့ မရနိုင်ပါဘူးလို့ ပြောပါတယ်။

ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် DKBA အဖွဲ့ ဟာ ၁၉၉၄ ခုနှစ် က KNU ကနေခွဲ ထွက်ပြီး အစိုးရနဲ့ ပူးပေါင်း ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ အဲဒီအထဲက အတော်များများ ဟာ နယ်ခြား စောင့်တပ် အသွင်ပြောင်း သွားပေမယ့် နောက်လိုက် တချို့နဲ့ ဗိုလ်ချုပ်ကြီး စောလာပွယ်ဟာ DKBA အဖြစ်နဲ့ကျန်ခဲ့ပါတယ်။

နောက်ပိုင်းမှာ DKBA ကို ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA အဖြစ် နာမည်ပြောင်းခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ