အပစ်ရပ်ဆွေးနွေးပွဲ တပတ်ရပ်နား

  • 22 မတ် 2015
myanmar peace talk ဓာတ်ပုံ မူပိုင် EPA
Image caption အပစ်ရပ် ဆွေးနွေးပွဲကို တပတ်နားမယ်

ရန်ကုန်မြို့ မှာ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆို နိုင်ရေး အစည်းအဝေးကို တပတ်နားပြီး လာမယ့် မတ်လ ၃၀ ရက်မှာ ဆက်လက် ကျင်းပဖို့ ရှိတယ်လို့ တနင်္ဂနွေနေ့ ညနေပိုင်း အစည်းအဝေး အပြီးမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီတခေါက် ဆွေးနွေးပွဲ မတိုင်ခင်က သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ ကေအိုင်အို အထူးကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံနိုင်တာကြောင့် အခုတကြိမ်မှာလည်း အလားအလာ ကောင်းတွေ ရှိတယ်လို့ ဆိုကြပေမယ့် အခုတကြိမ် မှာလည်း သဘောတူတဲ့ အပစ်ရပ် မူကြမ်းတော့ ရမလာ ခဲ့ပါဘူး။ ဒါကြောင့် ၆ ရက်တာ ဆွေးနွေးမှု အပြီးမှာ တပတ် ရပ်နားလိုက်တာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ နိုင်ငံရေး သဘောတူညီချက် မရခင် အပစ်ရပ်ထားတဲ့ ကြားကာလမှာ နောက်ခံ အယူအဆပိုင်း ကွာမလား ယူဆပြီး ဆွေးနွေးနိုင်အောင် တပတ်ရပ်နား ထားတာလို့ ဆိုပါတယ်။

ဒီအချက်အပါအဝင် ကျန်တဲ့ အချက်တချို့ ကိုတော့ လာမယ့် မတ်လ ၃၀ ရက်မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ ဒါ့အပြင် စာချုပ် ပြီးသွားရင် ဒီစာချုပ် ပြီးသွားရင် လက်မှတ် ထိုးမယ့် အစီအစဉ် အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်သူတွေ ပါမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေး ကြဖို့ ရှိနေပါတယ်။

ဒီအစည်းအဝေး ရပ်နားထားစဉ် ကြားကာလမှာ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် တချို့ဟာ ကိုးကန့် အဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ်ကို နှစ်ဘက် သဘောတူ မူကြမ်း ထွက်လာလို့ လက်မှတ်ထိုး ပြီးရင် ၃ လ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ စရမှာဖြစ်ပြီး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင် စတင်နိုင်ဖို့ အစိုးရဘက်က ရည်ရွယ်ပြီး အကောင်အထည် ဖော်နေတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် တွေဘက်က ပြောပါတယ်။