မန်စီ မြို့နယ် အတွင်း တိုက်ပွဲ ပြင်းထန်

  • 23 မတ် 2015
KIA attends Peace Talks
Image caption ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နေတဲ့ကြားက ကချင်မှာ တိုက်ပွဲတွေ ပြင်းထန်

ကချင် ပြည်နယ် မန်စီ မြို့နယ် အတွင်း KIA ကချင် လွတ်လပ်ရေး အဖွဲ့ တပ်တွေနဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေ ပါတယ်။

တပ်မတော် ဘက်က လေကြောင်း တိုက်ခိုက်မှုတွေ လည်း ရှိခဲ့ပြီး မတ်လ ၂၃ ရက် မနက် အထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကေအိုင်အိုက ပြောပါတယ်။

တရုတ် နိုင်ငံဘက်ကို ဦးတည်တဲ့ သစ်တွေ တင်ဆောင် လာတဲ့ ကားတန်းကို အစိုးရ ဘက်က လာရောက် တားဆီးစဉ် ဗန်းမော် ကနေ နန့်ခမ်းကို သွာတဲ့ တောင်ပေါ်လမ်း ပေါ်က မထက် ရွာမှာ KIA အဖွဲ့နဲ့ အစိုးရ တပ်ဘက်က ခမရ ၃၁၇၊ တပ်မ၈၈ လက်အောက်ခံ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်တာလို့ ကေအိုင်အို ဘက်က ပြောပါတယ်။

အစိုးရ ဘက်ကတော့ သစ်မှောင်ခို ရှင်းလင်းရေး လုပ်ဆောင်တာလို့ သူတို့ ဘက်ကို အကြောင်းကြားခဲ့တယ်လို့ ကေအိုင်အေ နည်းပညာ အထောက်အကူ အဖွဲ့က ဦးဒေါင်ခါးက ပြောပါတယ်။

မတ်လ ၂၀ ရက်နေ့က ထပ်မံ ဖြစ်လာခဲ့တဲ့ အဲဒီ တိုက်ပွဲ တွေနဲ့ ပတ်သက်လို့ ရန်ကုန်မှာ ကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေနွေးပွဲမှာ တင်ပြ ဆွေနွေး ခဲ့ကြပေမဲ့ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲလို့ ကေအိုင်အို ဘက်က ပြောပါတယ်။

အခုလို အခင်းအကျင်းမျိုးက ညှိနှိုင်း ဆွေးနွေးမှုတွေ စတင် ကတည်းက ဖြစ်နေကျ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်တိုင်း အစိုးရ ဘက်က ထိုးစစ်ဆင်ပြီး ကြီးမားတဲ့ စစ်ရေး လှုပ်ရှားမှု ပြုလုပ်လေ့ ရှိပေမဲ့ အခု တစ်ကြိမ်ကတော့ အစိုးရ ဘက်က တိုက်လေယာဉ်တွေ နဲ့ပါ တိုက်တဲ့ အဆင့် ရောက်လာတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

တနင်္ဂနွေနေ့ မတ်လ ၂၂ ရက်နေ့ အထိ အစိုးရဘက်က တိုက်လေယာဉ် တွေနဲ့တိုက်ခိုက် ခဲ့လို့ အစီး၂၀၀ ကျော်ပါတဲ့ သစ်ကားတန်း ရပ်နေပြီလို့သိရပေမဲ့ အစိုးရ ဘက်ကတော့ ဒီတိုက်ပွဲ သတင်းနဲ့ ပတ်သက်လို့ တစုံတရာ တရားဝင် ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။