ပညာ​ရေး​သပိတ် ကျောင်းသား​တွေ​ကို ရုံးထုတ်

_students_trial_
Image caption စုစုပေါင်း ၇၆ ယောက် ရုံးထုတ်ခဲ့ပြီး ဝန်းရံသူ ၁၁ ယောက်ကို အာမခံ နဲ့ လွှတ်။

ဒီမိုကရေစီ ပညာရေး သပိတ်ကြောင့် လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က အာဏာပိုင်တွေ ကနေ အကြမ်းဖက် ဖြိုခွဲပြီး ဖမ်းဆီး ထားသူ ၆၅ ဦးကို ဗုဒ္ဓဟူးနေ့ မတ်လ ၂၅ ရက်နေ့ က လက်ပံတန်း မြို့ တရားရုံး မှာ ရုံးထုတ် ခဲ့ပါတယ်။

တရားရုံး ရှေ့ မှာ အဖမ်းခံရသူ တွေကို လာရောက် အားပေး ကြတဲ့ မိဘ ဆွေမျိုးတွေ နဲ့ လှုပ်ရှား တက်ကြွသူ တွေ ရာနဲ့ချီပြီး ရှိနေခဲ့ပါတယ်။

အဲဒီ့ ၆၅ ဦး အပါအဝင် တရားခံပြေး အဖြစ် သတ်မှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ရဲ့ ဥက္ကဌ ကိုကျော်ကိုကို နဲ့ အခြား ၃ ဦး၊ စုစုပေါင်း ၆၉ ဦး တို့ကို ပုဒ်မ ၅ ခု တပ်ပြီး တရား စွဲဆို ထားတာ ဖြစ်ပါတယ်။

စွဲဆိုခံထားရတဲ့ ပုဒ်မတွေထဲမှာ နိုင်ငံ့ဝန်ထမ်းတွေ ကို စော်ကားမှု၊ လူစုခွဲဖို့ ငြင်းဆန်မှု၊ နိုင်ငံတော် ကို အကြည်ညို ပျက်စေမှု၊ ဆူပူ အုံကြွ စေမှု စတာ တွေ ကို ကျုးလွန်တယ် ဆိုတဲ့ ပုဒ်မ တွေ ပါဝင်ပါတယ်။

ကျောင်းသား သပိတ် ကို ဝန်းရံသူ ၁၁ ဦး ကိုလည်း လက်ပံတန်း တရားရုံး မှာ သီးသန့် ခွဲ ရုံးထုတ် ခဲ့ပြီး တဲ့နောက် အာမခံ နဲ့ လွှတ်လိုက် ပါတယ်။

သူတို့ အားလုံးကို လာမယ့် ဧပြီလ ၇ ရက်နေ့ မှာ တရားရုံး ကို ပြန်လာ ဖို့ အတွက် ရုံးချိန်း ပေးထား ပါတယ်။

တကယ်လို့ ပြစ်မှု ထင်ရှားကြောင်း တရားရုံး ကနေ ဆုံးဖြတ် ခဲ့ရင် အခု စွဲဆိုထားတဲ့ ပုဒ်မ တွေ အရ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ဝန်းကျင် လောက် ကျခံ နိုင်ရဖွယ် ရှိတယ် ဆိုပြီး ဖမ်းဆီး ခံထားရ သူတွေ ရဲ့ ကိုယ်စား လိုက်ပါ ဆောင်ရွက် နေတဲ့ ရှေ့နေ တစ်ဦး ဖြစ်တဲ့ ဦးစန်းမောင် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ