အင်ဒိုနီးရှားက ကျွန်းတွေမှာ မြန်မာတွေ ချုပ်နှောင် ခိုင်းစေခံနေရ

ဓာတ်ပုံ မူပိုင် AP
Image caption ငါးဖမ်းလှေတွေကနေ ထွက်ပြေးပြီး လူသူမသိတဲ့ မြန်မာ အလုပ်သမားတွေ အင်ဒိုနီးရှား ကျွန်းတွေမှာ ထောင်နဲ့ချီ ရှိနိုင်

အင်ဒိုနီးရှားနိုင်ငံ ကျွန်းရွာတခုဖြစ်တဲ့ Benjina ရွာမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် ထိုင်း၊လာအိုနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ ငါးဖမ်းလုပ်ငန်းမှာ အတင်းအဓမ္မ စေခိုင်းခံနေရပြီး နှိပ်စက် ညှဉ်းပန်းခံနေကြရတာကို ထုတ်ဖေါ် တွေ့ရှိခဲ့ပါတယ်။

အဲဒီလူတွေဟာ ငါးဖမ်း အလုပ်သမားအဖြစ် လုပ်ကိုင်ဖို့ အင်ဒိုနီးရှား နိုင်ငံ Benjina ကျွန်းကို အပို့ခံရပြီး အဆိပ်ရှိတဲ့ လိပ်ကျောက် မြီးနဲ့ အရိုက်ခံရတာ၊ ကန်ကျောက်ခံရတာ၊ လှောင်အိမ်တွေထဲမှာ လှောင်ထားခံရတာ စတဲ့ ညှဉ်းပန်းမှုတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာကို AP သတင်းဌာနနဲ့ UK နိုင်ငံထုတ် MailOnline သတင်းစာရဲ့ သတင်းထောက် ဂျူလီယန် ရောဘင်ဆန်တို့က စုံစမ်း တွေ့ရှိခဲ့တာပါ။

အဲဒီကျွန်းကို ရောက်နေတဲ့ မြန်မာ ငါးဖမ်းလှေ လုပ်သားတချို့ကို AP သတင်းဌာနက တွေ့ဆုံမေးမြန်းတဲ့အခါ အဲဒီ ကျွန်းမှာ ငါးဖမ်းလှေ ကပ်တဲ့အခါ ထွက်ပြေးပြီး သောင်တင်နေကြသူတွေ အများအပြား ရှိနေသလို ကျွန်းပေါ်မှာလည်း သေဆုံးသွားသူ မြန်မာ အလုပ်သမားတွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းတွေ ရှိနေတယ်လို့ ပြောပြပါတယ်။

တနေ့ကို နာရီ ၂၀ ကနေ ၂၂ နာရီအထိ နေ့မအား ညမအား ငါးဖမ်းရတဲ့အတွက် ကျန်းမာရေး ထိခိုက်ပြီး သေဆုံးခဲ့သူတွေကို ပင်လယ်ပြင်ထဲ ပစ်ချခဲ့တာတွေကို စုထားမယ်ဆိုရင် ကျွန်းတစ်ကျွန်းစာ လောက် ရှိနိုင်တယ်လို့ မြန်မာ အလုပ်သမားတဦးက ပြန်ပြောပြပါတယ်။

အလိမ်လည်ခံရ ညှဉ်းဆဲခံရတဲ့ ငါးဖမ်းလှေ လုပ်သားတွေကို အကူအညီပေး ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ မဟာချိုင်း အခြေစိုက် LPN အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ရက် ဒါရိုက်တာ စုမ်ဖုန်း စါ့ကယောက်ကလည်း အဲဒီကျွန်းကို သူရောက်သွားတော့ ငါးဖမ်းလှေတွေကို အချုပ်ခန်းလုပ်ပြီး ချုပ်နှောင်ထားတဲ့ လှေလုပ်သား ၅ ဦးကို သူကိုယ်တိုင် တွေ့ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။

အများစုက အလိမ်ခံရပြီး ငါးဖမ်းလှေပေါ်ကို ရောက်ခဲ့သူတွေဖြစ်ကြောင်းနဲ့ ထွက်ပြေးပြီး အင်ဒိုနီးရှားနိုင်ငံ ကျွန်းတွေမှာ လူမသိသူမသိ ဖြစ်နေသူတွေ ထောင်နဲ့ ချီရှိမယ်လို့ ခန့်မှန်းရကြောင်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံသား ၂၀ ကျော်ကိုတော့ မတ်လ ၂၇ရက်နေ့မှာ ထိုင်းအစိုးရ အစီအစဉ်နဲ့ ပြန်ခေါ်နိုင်ဖို့ လုပ်နေပါတယ်။

ကျန်တဲ့ အလုပ်သမားတွေကိုလည်း ဌာနေ ပြန်ပို့နိုင်ဖို့ သက်ဆိုင်ရာ သံရုံးတွေဆီ အကြောင်းကြားမယ်လို့ ပြောပါတယ်။