လက်နက်နဲ့ ဖိအားမပေးဖို့ ကာချုပ် သတိပေး

70armed_forces_day Burma
Image caption နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား

နှစ်ပေါင်း ၇၀ ပြည့် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားတွေကို ရန်ကုန်နဲ့ နယ်မြို့တချို့မှာ ကျင်းပခဲ့ကြ ပါတယ်။

နေပြည်တော်မှာ တော့ တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနား ကျင်းပခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောခဲ့ပါတယ်။

သူ့မိန့်ခွန်းထဲမှာ မြန်မာ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး၊ ကာကွယ်ရေး တို့နဲ့ ပတ်သက်ပြီး ပြောသွားခဲ့ ပါတယ်။

ဒီမိန့်ခွန်းထဲမှာ လွှတ်တော်တွင်းက တပ်မတော်ရဲ့ အခန်း ကဏ္ဍနဲ့ အဲဒီ အခန်း ကဏ္ဍကို ဘယ်လို လျှော့ချ သွားမယ် ဆိုတာ ထည့်သွင်း ပြောမသွားဘူးလို့ အန်အယ်လ်ဒီ ဗဟိုကော်မီတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ မိန့်ခွန်းထဲမှာ တပ်မတော်အနေနဲ့ ဒီမိုကရေစီ ရေးကို အစဉ်အမြဲ ထိန်းကျောင်း ဆောင်ရွက်သွားမယ် ဆိုတာကိုတော့ လက်ခံလို့ မရဘူးလို့ သူက ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ မြန်ဆန်လွန်းရင် မပြေလည်မှုတွေ မတည်ငြိမ်မှုတွေ ဖြစ်နိုင်တယ်လို့ ပြောတဲ့ အပေါ်မှာလည်း ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရာမှာ ဖြစ်နိုင်တဲ့ အရာကို သွက်သွက် လက်လက် လုပ်ဆောင်ဖို့ လိုတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

မိန့်ခွန်းမှာ ပြောခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာက ပြည်သူ့စစ် မဟာဗျူဟာ ဆိုတာဟာလည်း ခေတ်နောက်ကျနေပြီဖြစ်ပြီး ပြန်လည် သုံးသပ်ဖို့ သင့်တယ်လို့ သူက ထောက်ပြပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနေသူ တစ်ယောက် ဖြစ်တဲ့ တိုင်းရင်းသား ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ရွေးကောက်ပွဲမှာ လက်နက်တွေနဲ့ ဖိအားပေးတာ မလုပ်ဖို့ ကိုယ့်ရည်မှန်းချက်ကို လက်နက် အားကိုးနဲ့ ရယူဖို့ မသင့်ဘူးဆိုတဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းထဲမှာ ပါတဲ့ အချက်တွေက တိုင်းရင်းသားတွေကို တိုက်ရိုက် ရည်ညွှန်းရာ ကျတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီအချက်တဘက်သတ်မဖြစ်သင့်ဘဲ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖက်စလုံးလိုက်နာရမှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ