ဖမ်းဆီးခံ လက်ပံတန်း သပိတ် ကျောင်းသားတွေ ပြန်လွတ်ဖို့ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် epa
Image caption မန္တလေးမြို့မှာ ဆိုင်ကယ်တွေနဲ့ လှည့်လည် ဆန္ဒပြခဲ့ကြ

လက်ပံတန်းမြို့မှာ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ဖို့ တောင်းဆို ဆန္ဒပြစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေ ပြန်လွတ်လာရေးအတွက် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာ အပါအဝင် မြို့တချို့မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးမြို့မှာ တက္ကသိုလ်ကျောင်းသား ၂၀လောက်နဲ့ ဝန်းရံ အင်အား ၅၀လောက်ဟာ ဖက်ဆစ်တော်လှန်ရေး အလံနဲ့ ကျောင်းသား သမဂ္ဂ အလံတွေ လွှင့်ထူပြီး ဆိုင်ကယ်တွေနဲ့ မြို့တွင်း လှည့်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

၂၆လမ်း ဈေးချိုနားကနေ စပြီး မြို့ကို ၂နာရီလောက် လှည့်ပတ် ဆန္ဒပြခဲ့စဉ် လမ်းမှာ သက်ဆိုင်ရာက တားဆီးတာမျိုး ရှိခဲ့ပေမယ့် အဖမ်းအဆီး မရှိဘဲ လူစုခွဲသွားခဲ့ပါတယ်။

မြင်းခြံမြို့မှာတော့ ဆေးရုံကြီးနားက ကေဒါ လ္ဘက်ရည်ဆိုင် နားကနေ ကျောင်းသား ၅၀ လောက်က ဆန္ဒပြဖို့ လူစုနေတုန်းမှာပဲ ရဲက လာရောက် တားဆီးခဲ့ပြီး မြင်းခြံခရိုင် ဗကသ ကျောင်းသားခေါင်းဆောင် ကိုဉာဏ်မြင့်သန်းနဲ့အတူ ကျောင်းသား ၂ဦး၊ အရပ်သား ၃ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ဗကသများ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုနဲ့ ကိုနန္ဒာစစ်အောင် ဦးဆောင်ပြီး သိမ်ကြီးဈေးနားမှာ ဆန္ဒပြခဲ့သလို မဟာဗန္ဓူလ လမ်းထောင့်နဲ့ အနော်ရထာ လမ်းထောင့် မှာလည်း အရပ်ဖက် အဖွဲ့ဝင်တွေက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေ အပြီးမှာတော့ တရားခံပြေး အဖြစ် အာဏာပိုင်က သတ်မှတ်ထားတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုနန္ဒာ စစ်အောင် နဲ့ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်လေး (ခ) အောင်ထက်အောင်တို့ ၃ ဦး အဖမ်းခံခဲ့ရပါတယ်။

မုံရွာမြို့က ကျောင်းသား ၅၀ နီးပါးကတော့ အဖမ်းဆီးမခံရဘဲ တောင်းဆိုချက်တွေကို လှည့်လှည် ကြွေးကြော်ခဲ့ကြပါတယ်။

အလားတူ ဆန္ဒပြပွဲမျိုးတွေကို ပဲခူးတိုင်းမှာ တောင်ငူ၊ ဧရာဝတီတိုင်းမှာ မြောင်းမြ၊ ဟင်္သာတ၊ မကွေးတိုင်းမှာ မကွေးနဲ့ ချောက်၊ တနင်္သာရီတိုင်းမှာ ထားဝယ် စတဲ့မြို့တွေမှာလည်း လုပ်ခဲ့ကြပါတယ်။