ဆန္ဒပြ ကျောင်းသား တချို့ ပြန်လွတ်

  • 28 မတ် 2015
student_ ဓာတ်ပုံ မူပိုင် epa
Image caption ဖမ်းဆီးခံ ကျောင်းသားတွေ လွတ်မြောက်ရေး ဆန္ဒပြပွဲ တားဆီးခံရ

လက်ပံတန်းမှာ ဖမ်းဆီးခံ ရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေး သိမ်ကြီးဈေး ဆန္ဒပြပွဲမှာ ဖမ်းဆီး ခံခဲ့ရတဲ့ ကျောင်းသား (၃)ဦး ထဲက (၂)ဦးကို နောက်တနေ့ မှာ အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

တဦး ကိုတော့ ဆက်လက် ဖမ်းဆီး ထားဆဲ ဖြစ်ပါတယ်။

ကိုရှိန်းရာဇာထွန်း နဲ့ ကို အောင်ထက်အောင် တို့ကို အာမခံ နဲ့ ပြန်လွှတ်ပေး လိုက်တယ် ဆိုပေမယ့် ဆန္ဒပြရာမှာ ခွင့်ပြုချက် မတင်ဘဲ တရားမဝင် စီတန်း လှည့်လည် တဲ့ ပုဒ်မ (၁၈) နဲ့ ပန်းဘဲတန်း ရဲစခန်းမှာ အမှု ဖွင့်ထား ပါတယ်။

ဗကသ အဖွဲ့ဝင် ကိုနန္ဒာစစ်အောင် ကို တခြားပြစ်မှုတွေ ရှိနေတဲ့ အတွက် ဆက်လက် ဖမ်းဆီး ထားပါတယ်။

လောလောဆယ် ကိုနန္ဒာစစ်အောင် ကို ပုဒ်မ (၁၈) အပြင် လူစုလူဝေး မှု၊ အမိန့် မနာခံမှု၊ လှုံဆော်မှု ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု လို ပုဒ်မ (၅) ခုနဲ့ ကမာရွတ် ရဲစခန်း ကလည်း အမှုဖွင့်ထားပါတယ်။

ရန်ကုန်မှာ စစ်ဆေး ပြီးရင် သူ့ကို လက်ပံတန်း ရဲစခန်းကို လွှဲ ပေးပြီး အဲဒီမှာ ဖွင့်ထားတဲ့ အမှု တွေနဲ့ ဆက်လက် စစ်ဆေးမယ် လို့ ပဲခူးတိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူး ကြီး ဦးဝင်းစိန်က ပြောပါတယ်။

ကိုနန္ဒာစစ်အောင် ဟာ လက်ပံတန်း ကျောင်းသား သပိတ် မှာ ပါဝင်တယ် ဆိုပြီး ရဲတပ်ဖွဲ့က ထုတ်ပြန် တဲ့ တရားခံပြေး (၄) ဦးထဲမှာ ပါဝင်သူ ဖြစ်ပါတယ်။

တကယ်တော့ ရဲတွေဟာ လက်ပံတန်း ကိစ္စမှာ အဓိက ဦးဆောင်ခဲ့သူ တွေကို လိုက်လံ ဖမ်းဆီး နေတာ ဖြစ်ပြီး ဗကသ ခေါင်းဆောင် ကျော်ကိုကို အပါအဝင် ကျန်တဲ့ (၃)ဦး ကိုလည်း တရားရုံး မှာ ဖမ်းဝရမ်း ထုတ်ပြီး ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ဖို့ ရှိနေပါတယ်။

ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင် က ကျောင်းသားတွေ ဖမ်းဆီးမှု လွတ်မြောက်ဖို့ ဆန္ဒပြ တဲ့ နည်းအပါအဝင် ဆက်လက် တောင်းဆို သွားမယ်လို့ ပြောပါတယ်။

စနေနေ့ မနက် ကလည်း လှည်းတန်းမှာ ဖမ်းဆီးခံ ကျောင်းသား တွေ ပြန်လည် လွတ်မြောက်ရေး အတွက် သရုပ်ပြဆန္ဒ ဖော်ထုတ်မှု ကို ဦးဆောင်တဲ့ ကိုထက်အောင်လင်း ကို ရဲတွေ က ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်း မှာတော့ သူ့ကို ပုဒ်မ (၁၈) နဲ့ အမှုဖွင့် အရေးယူပြီး ကိုယ်ပိုင် ခံဝန် နဲ့ ပြန်လွှတ် ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ