မြန်မာ လူ့အခွင့်အရေး ကိုယ်စားလှယ် သက်တမ်းတိုး

  • 28 မတ် 2015
Image caption မြန်မာ နိုင်ငံမှာ ကုလသမဂ္ဂ လူ့ အခွင့် အရေး ရုံး မဖွင့် နိုင်သေး တာကြောင့် ကိုယ်စားလှယ် ဆက်ထားရှိ နေရတာ ဖြစ်

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့ အခွင့် အရေး ကောင်စီ အစည်း အဝေး ကနေ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့ အခွင့် အရေး အထူး ကိုယ်စားလှယ် မစ် ယန်ဟီလီးကို သက်တမ်း တနှစ် ထပ်တိုး လိုက်ပါတယ်။

မြန်မာ နိုင်ငံမှာ လူ့ အခွင့် အရေး ချိုးဖေါက် မှုတွေ ဆက်ရှိ နေဆဲ ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ တရား မျှတဖို့ သင်တန်း တွေ ပေးဖို့ လိုအပ် နေပြီး၊ တိုင်းရင်းသားတွေ နဲ့ အပစ် ရပ်ရေး ဆွေးနွေး မှုတွေကို စောင့်ကြည့်ဖို့ လိုအပ်တဲ့ အချက် အပြင် ရခိုင် ပြည်နယ်က လူမျိုးစု ပဋိပက္ခ တွေ အတွက် စိုးရိမ် ရတာ ကြောင့် အခုလို သက်တမ်း ထပ်တိုး လိုက်တာ ဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်ချက် အတွက် နိုင်ငံ ၂၀ က ထောက်ခံပြီး၊ ကန့်ကွက် ၁၁ နိုင်ငံနဲ့ ကြားနေ ၁၆ နိုင်ငံ ရှိ ခဲ့တာ ဖြစ်ပါတယ်။

အမှန် ကတော့ မစ္စတာ ကင်တားနား လက်ထက် ကတည်းက မြန်မာ နိုင်ငံမှာ ကုလသမဂ္ဂ လူ့ အခွင့် အရေး ရုံးဖွင့်ဖို့ သဘောတူ ထားပေမယ့်၊ အခုထက် ထိ မဖွင့် နိုင်သေး တာကြောင့် အခုလို အထူး ကိုယ်စားလှယ် ဆက်ထားရှိ နေရတာ ဖြစ်တယ်လို့ အာရှ လူ့ အခွင့် အရေး အဖွဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

ရုရှား တရုတ် မလေးရှား တို့လို မြန်မာ နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းတဲ့ နိုင်ငံတွေ ကိုယ်တိုင်က မြန်မာ နိုင်ငံမှာ လူ့ အခွင့် အရေး ချိုးဖေါက် မှုတွေကို ဆက်လက် စုံစမ်းဖို့ လိုတယ် ဆိုတာကို ဒီ အစည်း အဝေး ပွဲမှာ မငြင်းခဲ့ ဘူးလို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

အခုလို ကိုယ်စားလှယ် ထားရှိတာနဲ့ သက်တမ်း ထပ်တိုး မှုတွေ အပေါ် မြန်မာ အစိုးရ ဘက်က မနှစ်မြို့ ပေမယ့် ကုလသမဂ္ဂ ဘက်ကတော့ သူ လုပ်စရာ ရှိတာ ကို ဆက်လုပ် သွားမှာ ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။