လီကွမ်ယုနဲ့ စင်္ကာပူ မြန်မာ ဆက်ဆံရေး

  • 29 မတ် 2015
lee ဓာတ်ပုံ မူပိုင် Getty
Image caption လွတ်လပ်ရေး မျိုးဆက် နောက်ဆုံး ခေါင်းဆောင် လီကွမ်ယု

ကွယ်လွန်သူ စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ ရုပ်ကလာပ်ကို ၇ ရက်တာ ထားရှိပြီးနောက် ဒီကနေ့ သင်္ဂြိုဟ် ပြီးစီး ခဲ့ပါပြီ။

စင်္ကာပူဟာ မြန်မာ နိုင်ငံသား တွေ သိန်းချီပြီး ရွှေ့ပြောင်း နေထိုင်ကြတဲ့ နိုင်ငံ တခုပါ။

မစ္စတာ လီကွမ်ယု ဆုံးပါးသွားတဲ့ အပေါ် ဖခင် နိုင်ငံမှာ အဆင်မပြေ လို့ ပြောင်းနေတဲ့ ဦးလေးတယောက် ဆုံးသလို ခံစားရတယ် လို့ စင်္ကာပူရောက် မြန်မာ မိသားစု တွေထဲက ပြောပါတယ်။

သူမရှိတဲ့နောက် စင်္ကာပူမှာ နိုင်ငံရေး ပြောင်းလဲပြီး ဝင်ရောက် နေထိုင်သူ တွေ အပေါ် တင်းကျပ် လာမှာကို စိုးရိမ်တယ် လို့လည်း ပြောကြပါတယ်။

မစ္စတာ လီကွမ်ယုတို့ စင်္ကာပူကို တည်ထောင်ပြီး လူမျိုးစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် နိုင်အောင် ကြိုးပမ်း ခဲ့တာ ဖြစ်ပြီး တနိုင်ငံထဲ တလူမျိုး ထဲ စိတ်ဓာတ် ကို ဖော်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူမျိုး ပေါင်းစုံရဲ့ ဘာသာစကား ယုံကြည်မှု တွေကို မထိပါး မနှောင့်ယှက်ဘဲ လွတ်လပ်ခွင့် ပြု ခဲ့ပါတယ်။

တချို့ မြန်မာ နိုင်ငံသားတွေလည်း မစ္စတာ လီကွမ်ယု ရဲ့ ရုပ်ကလာပ်ကို ပါလီမန်မှာ သွားအလေးပြု ခဲ့သလို လမ်းဘေးက စောင့်ပြီး စျာပန ကို အလေးပြု ခဲ့ကြပါတယ်။

လီကွမ်ယု ဟာ အရှေ့တိုင်းက ဖခင် ကြီးစိုးတဲ့ ကွန်ဖြူးရှပ် ပုံစံ အာဏာရှင် ဖြစ်ပေမယ့် နိုင်ငံကို ကြီးပွားအောင် နိုင်ငံသား တွေကို ဂရုစိုက် ပျိုးထောင် ခဲ့တယ် လို့ ဂျပန် နိုင်ငံ ကန်ဒ တက္ကသိုလ်က အရှေ့တောင် အာရှ လေ့လာရေး ပါမောက္ခ ဒေါက်တာ အေးချမ်းက ပြောပြ ပါတယ်။

စင်္ကာပူဟာ တချိန်တုန်းက ကုန်သွယ်ရေး အရ အရေးပါ ပေမယ့် ပထဝီ နိုင်ငံရေး အရ စီးပွားရေး တိုးတက် နေတဲ့ တရုတ်နဲ့ အိန္ဒိယ ကြားက မြန်မာက ပိုပြီး အရေးပါတဲ့ အနေအထား ရောက်လာတော့ မယ် လို့ ဒေါက်တာ အေးချမ်းက ပြောပါတယ်။

ဒီလို အရေးပါ လာနိုင်တဲ့ နိုင်ငံ တခုနဲ့ ဆက်ဆံရေးမှာ စင်္ကာပူ ဟာ မြန်မာ စစ်ဗိုလ်ချုပ် တွေရဲ့ စီးပွားရေး နဲ့ ဥစ္စာ ဓန သိုမှီးရာ နေရာ အဖြစ် တည်ရှိနေဆဲ ဖြစ်တယ်လို့ နယူးယော့တိုင်းမ်စ် သတင်းထောက် ကိုဝေမိုးက ပြောပါတယ်။

မြန်မာပြည်က သဲကအစ သယံဇာတတွေနဲ့ လုပ်သား အင်အားတွေကို စင်္ကာပူမှာအသုံးချ နေပါတယ်။

စင်္ကာပူ တည်ထောင်စက ရန်ကုန်ကို ကြည့်ပြီး အတုယူ ခဲ့ရ ပေမယ့် ခုတော့ မြန်မာပြည်က အများကြီး ကျန်ရစ် ခဲ့ပြီလို့ သူက ဆိုပါတယ်။

စင်္ကာပူ လို အုပ်ချုပ်ရေး စနစ်ကောင်း၊ စီးပွားရေး လွတ်လပ်မှု၊ လူစွမ်းအား ရင်းမြစ်တွေ ပျိုးထောင်တဲ့ ပညာရေး စနစ်ကောင်း ဒါတွေ ရှိမှ မြန်မာပြည် ဖွံ့ဖြိုးဖို့ ဖြစ်နိုင်မှာပါ။

ဒါပေမဲ့ မြန်မာ စစ်အာဏာပိုင် တွေက စင်္ကာပူ ပုံစံထက် တပ်ကို အာဏာ ဆက်ပေးရေး အလေးထားတဲ့ အင်ဒိုနီးရှား ပုံစံ နိုင်ငံရေး ကိုပဲ သွားနေတယ်လို့ သုံးသပ်သူ တွေက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ