အင်ဒိုနီးရှားရောက် မြန်မာတွေ ဌာနေပြန်ဖို့ ထိုင်းအဖွဲ့ ကူမယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အင်ဒိုနီးရှားက ကျွန်းတွေပေါ်မှာ သောင်တင်နေတဲ့ မြန်မာ လှေလုပ်သားတွေ ထောင်နဲ့ချီ ရှိနေ

အင်ဒိုနီးရှားနိုင်ငံ အမ်ဘွန်းကျွန်းမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ငါးဖမ်းလှေလုပ်သားတွေ နေရပ် ပြန်နိုင်ရေးအတွက် ကူညီ ဆောင်ရွက်သွားမယ်လို့ ထိုင်းအခြေစိုက် NGO တခုဖြစ်တဲ့ LPN အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ရက်က ပြောကြားလိုက်ပါ တယ်။

အင်ဒိုနီးရှား ပင်လယ်ပြင်မှာ ငါးသွားဖမ်းတဲ့ ထိုင်းငါးဖမ်း လှေတွေနဲ့ မြန်မာ အလုပ်သမားတွေ လိုက်ပါသွားရာကနေ အကြောင်းအမျိုးမျိုးနဲ့ အဲဒီမှာ သောင်တင်နေကြတာ ဖြစ်ပါတယ်။

အများစုက အလိမ်ခံရပြီး ငါးဖမ်းလှေပေါ် ရောက်သွားတာ ဖြစ်တယ်လို့ ထိုင်းNGOတွေက ပြောပါတယ်။

အင်ဒိုနီးရှား ကျွန်းတွေကို ငါးဖမ်းလှေတွေ ကမ်းကပ်တဲ့အခါ အလုပ်သမားတွေက ထွက်ပြေးကြလေ့ ရှိပြီး အများစုက အမ်းဘွန်း ကျွန်းနဲ့ ဘေန်ဂျီနာကျွန်းတွေမှာ ရောက်နေကြတာ ဖြစ်ပါတယ်။

တချို့လှေတွေဟာ အင်ဒိုနီးရှား ပင်လယ်ပြင်မှာ နှစ်ချီပြီး ငါးဖမ်းနေတာဖြစ်ပြီး ပင်လယ်ပြင်ထဲမှာ သေဆုံးသွားသူတွေလည်း အမြောက်အများ ရှိတယ်လို့ မြန်မာ ငါးဖမ်း အလုပ် သမားတွေက ပြောပါတယ်။

အဲဒီကျွန်းပေါ်မှာ သောင်တင်နေကြသူတွေထဲမှာ ထိုင်း၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။

နေရပ် ပြန်ချင်တယ်ဆိုပြီး LPN ကို စာရင်းပေးထားတဲ့ မြန်မာ ၂၃ ယောက်ရှိပြီး အမ်းဘွန်းကျွန်းမှာ ရုံးဖွင့်ထားတဲ့ ကယ်ဆယ်ရေးရုံးမှာ စာရင်း လာပေးတဲ့သူတွေနဲ့ ပါဆိုရင် အယောက် ၄၀ လောက် ရှိတယ်လို့ LPN အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ရက်အဖွဲ့က ပြောပါတယ်။

မြန်မာ အလုပ်သမားတွေ နေရပ်ရင်း ပြန်နိုင်ဖို့အတွက် မြန်မာအစိုးရက နိုင်ငံသားစိစစ်ပြီး ထောက်ခံစာ ထုတ်ပေးမှ မြန်မာနိုင်ငံကို ပြန်နိုင်မှာဖြစ်ကြောင်း၊ အခုအခါ မြန်မာအစိုးရက တာဝန်ရှိသူတွေကို ဆက်သွယ် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းနဲ့ ပင်လယ်ပြင်မှာ ရာနဲ့ချီရှိနေတဲ့ ထိုင်းငါးဖမ်းလှေ တွေမှာ မြန်မာအလုပ်သမားတွေ ရှိနေသေးသလို့ ကုန်းပေါ်က ကျွန်းတွေမှာလည်း မြန်မာအလုပ်သမား တထောင်လောက် ရှိမယ်လို့ ခန့်မှန်းရတဲ့အကြောင်း LPN ညွှန်ကြားရေးမှူး စုမ်ဖုန်း စါ့ကယောက် က ပြောသွားပါတယ်။

ထိုင်းအလုပ်သမား ၂၇ ယောက်ကို ထိုင်းအစိုးရက ပြန်ခေါ်လာပြီ ဖြစ်ပေမယ့် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ နေရပ် ပြန်နိုင်ရေးကိုတော့ ထိုင်းအစိုးရက တာဝန် မယူသလို မြန်မာ အစိုးရဘက်ကလည်း တာဝန်ယူ ဖြေရှင်းတာ မရှိသေးတာကြောင့် မြန်မာ အလုပ်သမားတွေ နေရပ် ပြန်နိုင်ရေးက မသေချာ မရေရာ ဖြစ်နေဆဲပဲ ရှိနေပါတယ်။