တရုတ်​ပိုင်​နက်​ထဲ ဗုံး​ကြဲ​မှု​ကို မြန်မာ တောင်းပန်​ကြောင်း တရုတ်​သ​တင်း​ဌာန ရေး

  • 2 ဧပြီ 2015
wang_yi_china ဓာတ်ပုံ မူပိုင် EPA
Image caption တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီ နဲ့ တွေ့ဆုံရာ မှာ ဦးဝဏ္ဏမောင်လွင် က မြန်မာအစိုးရ မှာ တာဝန်ရှိကြောင်း ပြောခဲ့တယ်လို့ တရုတ်အာဘော် သတင်းဌာန ဆို။

တရုတ်နိုင်ငံ ပိုင်နက်ထဲ မှာ မြန်မာ ဘက်က လေယာဉ် ကနေ ကြဲချခဲ့ တဲ့ ဗုံးကြောင့် ပြီးခဲ့တဲ့ လ အတွင်း က တရုတ် နိုင်ငံသား ၅ ဦး သေဆုံး ခဲ့ရ တဲ့ အဖြစ်အပျက် မှာ မြန်မာ အစိုးရ အနေ နဲ့ တာဝန် ရှိကြောင်း ဝန်ခံ ခဲ့ပြီး တောင်းပန် လိုက်တယ် လို့ တရုတ် အစိုးရ အာဘော် သတင်း ဌာန က ပြောပါ တယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီ နဲ့ တွေ့ဆုံစဉ် မှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦး ဝဏ္ဏ မောင်လွင် က အခုလို တာဝန် ရှိကြောင်း လက်ခံကာ တောင်းပန် ခဲ့တဲ့ အပြင် လျော်ကြေး ပေးဖို့ရာ လည်း ကမ်းလှမ်း ခဲ့တယ် လို့လည်း ဆိုပါတယ်။

တရုတ်-မြန်မာ ပူးပေါင်း ဖွဲ့ထား တဲ့ စုံစမ်းရေး အဖွဲ့ က တရုတ် ပိုင်နက်ထဲ ဗုံးကြဲခံရ တဲ့ ဖြစ်ရပ် နဲ့ ပတ်သက်တဲ့ အချက်အလက် အမှန်တွေ ကို ထုတ်ဖော် နိုင်ခဲ့ပါတယ် လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီ က ပြောကြောင်း လည်း ရေးထား ပါတယ်။

ဒါပေမယ့် အခုလို တောင်းပန် ခဲ့တယ် ဆိုတာ ကို အတည် မပြုနိုင်သေး ဘူး ဆိုပြီး မြန်မာ နိုင်ငံခြားရေး ဌာန က ဘီဘီစီ ကို ပြောပါတယ်။

စောစောပိုင်း တုန်း ကတော့ ဖြစ်ပျက် ခဲ့တာ နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ကို ရှင်းပြခဲ့တာ မျိုး ပြုလုပ် ထားတယ် လို့ မြန်မာ နိုင်ငံခြားရေး ဌာန ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ဆိုပါတယ်။

ကိုးကန့် ဒေသ မှာ မြန်မာ အစိုးရ တပ် နဲ့ ကိုးကန့် လက်နက်ကိုင် MNDAA တို့ အကြား ဖြစ်ပေါ်နေ တဲ့ စစ်ပွဲ တွေ အတွင်း အစိုးရ စစ်လေယာဉ် က ဝေဟင် တိုက်ခိုက်မှု တွေ ပြုလုပ် ခဲ့ရာ က အခုလို တရုတ် ပိုင်နက် ထဲ ဗုံးကျ ရောက်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကန့် တပ် ထဲ မှာ တရုတ် ဘက် က ကြေးစား စစ်သားတွေ ပါဝင် နေပြီး စစ်ရေး လေ့ကျင့် ပေး နေတာတွေ လည်း ရှိတယ် ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ် နေပါတယ်။

ကိုးကန့် ဒေသ စစ်ပွဲ မှာ တရုတ်ပြည် ရဲ့ စွက်ဖက် မှု ရှိတယ် ဆိုတဲ့ အမြင်မျိုးဟာ ၂ နိုင်ငံ ဆက်ဆံရေး ကို ထိခိုက် စေပြီး အကျိုးမရှိ ကြောင်း နဲ့ ကိုးကန့်ဒေသ စစ်ပွဲ ကို ပြည်တွင်း ပြဿနာ အဖြစ် ကိုင်တွယ် သင့်တယ် ဆိုပြီး အဲဒီ့ ဒေသ ရဲ့ စစ်ရေး နိုင်ငံရေး ကို လေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

အခုလို တပြည်လုံး အပစ်ရပ် နိုင်ဖို့ လုပ်ဆောင် နေချိန် မှာ ကိုးကန့် ဒေသ အရေး ကို မဖြေရှင်း နိုင်ရင် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် ထိခိုက် နိုင်တယ် ဆိုပြီး တော့ လည်း ဦးသန်းစိုးနိုင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ