ပညာရေး ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော်တင်

  • 2 ဧပြီ 2015
Students demand to change Education Law
Image caption ပညာရေး ဥပဒေ ပြင်ဆင်ဖို့ ဆန္ဒပြကြတဲ့ ကျောင်းသား တွေကို ဖြိုခွဲပြီး ဖမ်းဆီးခဲ့

အမျိုးသားလွှတ်တော်က အချက်ပေါင်း ၁၀၀ ကျော်ကို ပြင်ဆင် အတည်ပြုထားတဲ့ ပညာရေးဥပဒေကြမ်း ဆိုင်ရာ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီက ပြည်သူ့ လွှတ်တော်မှာ ဧပြီလ ၂ ရက်နေ့က တင်သွင်းခဲ့ပါတယ်။

ဒီအစီရင်ခံစာ ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တက္ကသိုလ် ပါမောက္ခတွေ နဲ့ လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဝင်တွေ နှစ်ရက်ကြာ ဆွေးနွေးခဲ့တာ ဖြစ် ပါတယ်။

ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက အစီရင်ခံစာဟာ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ ကိုက်ညီမှု ရှိပြီး သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့ခွင့်ကို လက်ခံ ထားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ကျောင်းသားကိုယ်စားလှယ် ဆရာကိုယ်စားလှယ် ဆိုတဲ့ အသုံးအနှုန်းတွေ ပြောင်းလဲ သတ်မှတ်ဖို့နဲ့ ကျွမ်းကျင် ပညာရှင်ဆိုပြီး ပြင်ဆင်ဖို့ တွေကို ဖော်ပြထား ပါတယ်။

ပညာသင်ကြားရေး ပိုမို ထိရောက်ဖို့ လွတ်လပ်စွာ သင်ယူနိုင်တယ် ဆိုတဲ့ နေရာမှာ ပိုမို ပြည့်စုံအောင် သင်ရိုးညွှန်းတန်းဆိုင်ရာ စံနမူနာများနှင့် အညီ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိတယ်လို့ ဖြည့်စွက်ထားကြောင်း ဦးစောလှထွန်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတော့မယ့် ပညာရေး ဥပဒေကြမ်းဟာ အမျိုးသားလွှတ်တော်မှာ ပြင်ဆင် အတည်ပြုတုန်းက အလယ်တန်း အခမဲ့ ပညာရေးရဖို့နဲ့ ပညာရေး အသုံးစရိတ် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့ တွေကို ပယ်ဖျက်ထား ပါတယ်။

ဒါတွေဟာ အစိုးရ လွှတ်တော် ကျောင်းသားတွေ နဲ့ NNER တို့ ရဲ့လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ သဘောတူထားခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက် NNER အဖွဲ့ဝင် ဒေါက်တာ ညိုညိုသင်းကပြောပါတယ်။

အခု ဥပဒေကြမ်းမှာ ဗဟို ချုပ်ကိုင်မှုတွေ ရှိနေပြီး အစိုးရ လွှတ်တော် ကျောင်းသားတွေ နဲ့ NNER တို့ ရဲ့လေးပွင့်ဆိုင် ဆွေးနွေးပွဲ သဘော တူညီချက်တွေနဲ့ မကိုက်ညီဘူးလို့ NNER က ထုတ်ပြန် ပါတယ်။

ဒါပေမဲ့ အလယ်တန်း အခမဲ့ ပညာရေးစနစ် ထားဖို့ ဆိုရာမှာ မသင်မနေရ မူလတန်း အဆင့် သတ်မှတ်ချက်ကို ဘယ်အဆင့်လောက် အထိ အကောင်အထည်ဖော်နိုင်ပြီလဲ ဆိုတာ အရင် သုံးသပ်ဖို့ လိုတယ်၊ ဒါ့အပြင် မူလတန်း အဆင့်က အတော်ပြည့်စုံမှသာ အလယ်တန်း အဆင့်ကို တက်လှမ်းဖို့ သင့်တဲ့ အတွက် မဖြစ်နိုင်သေးတာကို ဥပဒေ တစ်ရပ် ပြဌာန်း လုပ်ဆောင်ဖို့ မသင့်သေးဘူးလို့ ဦးစောလှထွန်းက ပြောပါတယ်။

ဒီအစီရင်ခံစာကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီးလို့ ဥပဒေကြမ်းအဖြစ် သဘောတူရင် အမျိုးသားလွှတ်တော်ကို ပြန်ပို့ရပါမယ်။

အဲဒီက တဆင့် လွှတ်တော်နှစ်ရပ်လုံးရဲ့ သဘောတူညီချက် ရပြီဆိုရင် သမ္မတ ဆီပေးပို့ ပြီး အတည်ပြုရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ