မီဒီယာသမားတွေကို ကာကွယ်ဖို့ ရှေ့နေကွန်ရက်ဖွဲ့

  • 2 ဧပြီ 2015
Image caption စစ်တပ်က ဓါတုလက်နက် စက်ရုံထောင်တယ် ဆိုပြီး ရေးခဲ့တဲ့အတွက် ယူနတီ ဂျာနယ် သတင်းထောက် ၃ဦး ထောင်ဒဏ် ချမှတ်ခံခဲ့ရ

မြန်မာ မီဒီယာ သမားတွေ တရားစွဲခံ လာရမယ်ဆိုရင် ဥပဒေကြောင်းအရ အကာအကွယ်ပေး ဆောင်ရွက်နိုင်ဖို့အတွက် အထက်မြန်မာပြည်နဲ့ အောက်မြန်မာ ပြည်က ရှေ့နေတွေ စုပေါင်းပြီး မြန်မာမီဒီယာ ရှေ့နေကွန်ရက်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့ဟာ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး အကြမ်းဖျင်း ရေးဆွဲဖို့ ရှိပြီး မီဒီယာတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်။

မီဒီယာတွေနဲ့ ပတ်သက်တဲ့ သဘောထားတွေကိုလည်း ဒီအဖွဲ့က ထုတ်ပြန်သွားဖို့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားရုံနဲ့ စစ်ဆေး အရေးယူခံ ရလောက်အောင် မီဒီယာ လွတ်လပ်ခွင့် ဆုံးရှုံးနေတယ်လို့ အထက်မြန်မာပြည်က ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ရွက်နုအောင်က ဘီဘီစီကို ပြောပါတယ်။

မီဒီယာ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်နေစဉ်အတွင်း မီဒီယာသမားတွေကို အရေးယူ တာမျိုးတွေ လုပ်လာရင် ဒီအဖွဲ့က လိုက်လံ အကာအကွယ်ပေး ကူညီသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။