မြန်မာအဖွဲ့ တရုတ်ပြည် သွား တောင်းပန်

  • 3 ဧပြီ 2015
kokang ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုးကန့် လက်နက်ကိုင် တွေ

ကိုးကန့် တပ်တွေ နဲ့ တိုက်နေတဲ့ မြန်မာ့ တပ်မတော် ဘက် က ယူနန် ပြည်နယ် မှာ မတ်လ ၁၃ ရက် က ဗုံး မတော်တဆ ကျခဲ့လို့ တရုတ် နိုင်ငံသားတွေ ထိခိုက် သေဆုံး တာတွေ ရှိခဲ့တဲ့ အတွက် မြန်မာ ဘက်က နိုင်ငံခြား ရေး ဝန်ကြီးနဲ့ စစ်ဘက် အရာရှိကြီး တွေပါတဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ တရုတ် နိုင်ငံ ပေကျင်း မြို့တော် မှာ ဧပြီ လဆန်းက သွားပြီး တောင်းပန် ခဲ့ပါတယ်။

ဒီလို တောင်းပန် တာဟာ ၂ နိုင်ငံ အဆင့် ဆွေးနွေးမှုတွေ လုပ်မှ ဖြစ်မှာမို့ သွားတာ ဖြစ်ပြီး ပြည်နယ် အဆင့်က ဆွေးနွေးလို့ မရနိုင်ကြောင်း လက်ရှိ ဖြစ်ပွားနေတဲ့ ကိုးကန့် စစ်ပွဲ တွေကြောင့် နယ်စပ်မှာ သွားပြီး ညှိနှိုင်း ခဲ့တဲ့ သမ္မတ ရုံး အထူး ကိုယ်စားလှယ် နဲ့ တရုတ် သံအမတ် ဟောင်း ဦး စိန်ဝင်းအောင်က ပြောပါတယ်။

ဒုက္ခသည် ကိစ္စ ကူညီနေ

ဓာတ်ပုံ မူပိုင် Reuters
Image caption နယ်စပ် ဒုက္ခသည်တွေကို တရုတ်က ကူညီပေး

နယ်စပ် ဒုက္ခသည် တွေ ကူညီရေး အပါအဝင် ကိစ္စ တွေမှာ ၂ နိုင်ငံ လက်တွဲ ဆောင်ရွက် နေပြီး ဒီအတွက် တရုတ် မြန်မာ ဆက်ဆံရေး အပြောင်းအလဲ မရှိနိုင်ဘူး လို့လည်း ပြောပါတယ်။

ဒုက္ခသည် တွေနဲ့ ရောပါလာတဲ့ ကိုးကန့် လက်နက်ကိုင် တွေကို တရုတ်ဘက်က လက်မခံ ကြောင်း သူ့ကို ရှင်းပြတယ် လို့လည်း ဆိုပါတယ်။

ကွမ်လုံ က ကုန်းကြမ်း သွားတဲ့ ဆက်သွယ်ရေး လမ်းကြောင်း ကို လက်နက်ကိုင်တွေ လာနှောင့်ယှက်နေရလို့ တိုက်ထုတ် နေတာ ဖြစ်ကြောင်း၊ ကိုးကန့် တပ် တွေ အနေနဲ့ အမှားတွေ စွန့်ပယ်ပြီး အလင်းဝင် ကြဖို့ စာတွေ ဒီသီတင်းပတ် မှာ ဖြန့်ဝေခဲ့တယ် လို့လည်း ဦး စိန်ဝင်းအောင်က ပြောပါတယ်။

ကိုးကန့် လက်နက်ကိုင် အဖွဲ့ က ပြောခွင့်ရ ဦး ထွန်းမြတ်လင်း ကတော့ အလင်းဝင်ဖို့ လေယာဉ်ပေါ်က စာတွေ ချတာ ရှိတယ် လို့ ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ