တပ်​ပိုင်​ကုမ္ပဏီ​တွေ အခွန်​အများ​ဆုံး ထမ်း​နိုင်

  • 4 ဧပြီ 2015
_kachin_jade_ ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်တပ်ပိုင် ကုမ္ပဏီတွေ လုပ်ကိုင်နေတာ တွေ ထဲမှာ ကျောက်မျက် တူးတဲ့ လုပ်ငန်းလည်း ပါဝင် ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် မှာ မြန်မာ စစ်တပ်ပိုင် ကုမ္မဏီကြီးတွေ ဟာ ကုန်သွယ် လုပ်ငန်းခွန် တွေ စတင် ပေးဆောင် လာပြီး အခွန် အများဆုံး ပေးဆောင် တဲ့ လုပ်ငန်း တွေ အဖြစ် စာရင်း ဝင်နေ ပါတယ်။

MEC လို့ အသိများ တဲ့ စစ်တပ်ပိုင် မြဝတီ ထရိတ်ဒင်း ကုမ္ပဏီ ဟာ ကျပ်သန်းပေါင်း ၁ သောင်း ကျော် ပေးဆောင် ခဲ့ပြီး အခွန် အပေးခဲ့ဆုံး ကုမ္ပဏီတွေ ထဲ နံပါတ်တစ် နေရာ မှာ ရှိကာ၊ နောက်ထပ် တပ်ပိုင် ကုမ္ပဏီ တစ်ခုပဲ ဖြစ်တဲ့ မြန်မာ ဦးပိုင် ကုမ္ပဏီ ကလည်း ကျပ် သန်းပေါင်း ၅ ထောင် ကျော် ပေးဆောင်ပြီး အဆင့် ၇ နေရာ မှာ ရှိပါတယ်။

ဒီလို အခွန် များများ ထမ်းဆောင် နိုင်တာ ကို ကြည့်ရင် မြန်မာနိုင်ငံ မှာ ငွေကြေး လည်ပတ်မှု များများ နဲ့ စီးပွားရေး အအောင်မြင် ဆုံး ဖြစ်နေ တဲ့ လုပ်ငန်း တွေ ကို စစ်တပ် က ပိုင်ဆိုင် နေကြောင်း ဖော်ပြ နေတယ် လို့ မြန်မာ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးနှင်းဦး က သုံးသပ် ပါတယ်။

စစ်တပ်ပိုင် လုပ်ငန်း တွေ ဟာ နှစ်ပေါင်းများ စွာ အခွန် မထမ်းဆောင် ပဲ နေခဲ့ ရာက လွှတ်တော် အမတ် တွေ ရဲ့ ဝေဖန် မှု ကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာ နှစ် မှာ စတင် ထမ်းဆောင် လာတာ ဖြစ်ပါ တယ်။

အဲဒီ့ တပ်ပိုင် လုပ်ငန်း ၂ ခု အဓိက လုပ်ကိုင် နေတဲ့ အထဲ မှာ ကျောက်မျက် တူးဖော်တဲ့ လုပ်ငန်း၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်း နဲ့ ယမကာ ထုတ်လုပ် တဲ့ လုပ်ငန်း တွေ ပါဝင် ပါတယ်။

အခွန် အများဆုံး ပေးတဲ့ တခြား ကုမ္ပဏီ တွေ ထဲ မှာ ကမ္ဘောဇဘဏ်၊ အေးရှားဝေါလ်၊ မက်စ် မြန်မာ နဲ့ မြန်မာ့ ရှေ့ဆောင် ဘဏ် တို့လို ကုမ္ပဏီ တွေ ပါဝင် ပါတယ်။

အဲဒီလို အခွန် အများဆုံး ပေးဆောင်တဲ့ လုပ်ငန်း တွေ ကို ကြည့်ရင် ကုန် ထုတ်လုပ်မှု လုပ်ကိုင် သူတွေ နည်းပြီး၊ အစိုးရ စီမံကိန်းတွေ ကို လုပ်ကိုင်ခွင့် အများဆုံး ရတဲ့ ကုမ္ပဏီ တွေ ဖြစ်နေတာ တွေ့ရတယ် ဆိုပြီး ကုန်သည် စက်မှု အသင်းချုပ် က အမှုဆောင် တစ်ဦး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ