ရွေးကောက်ပွဲကော်မရှင် အသစ်ပြန် ဖွဲ့ဖို့ လက်မှတ်ရေးထိုး တောင်းဆို

myanmar_election_ ဓာတ်ပုံ မူပိုင် Reuters
Image caption ရွေးကောက်ပွဲအတွက် စိတ်ဝင်စားနေကြ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်ပြီး ဖွဲ့ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုကို တာမွေမြို့နယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ တိုင်းရင်းသားလူမျိုး (၈)ဦးကို ကော်မရှင် အဖွဲ့ဝင် တွေအဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက ထပ်မံ ခန့်အပ်ခဲ့ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေမှာ တာဝန် ထမ်းဆောင်ဖို့ ဆိုပြီး သမ္မတ အမိန့်နဲ့ အဆိုပြုတဲ့ ဒီ ကော်မရှင် အဖွဲ့ဝင်တွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

အခုလို အစိုးရဘက်က ကော်မရှင် အဖွဲ့ဝင် အသစ်တွေ ထပ်ခန့် နေပေမယ့်လည်း လှုပ်ရှားဆောင်ရွက်နေသူတွေကတော့ ရွေးကောက်ပွဲ ကော်မရှင် တခုလုံးဟာ ဥပဒေအညီ ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် အသစ်ပြန်ဖွဲ့ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပြည်သူ့ လှုပ်ရှားမှု ကွန်ရက် အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်တဲ့ ဟောပြောပွဲ နဲ့ လက်မှတ် ကောက်ခံပွဲတွေကို ရန်ကုန်မှာရှိတဲ့ တခြား မြို့နယ်တွေမှာ ထပ်မံ ပြုလုပ်ဖို့ ရှိနေပြီး ဒီကနေ့ တာမွေ မြို့နယ်မှာ ပြုလုပ်တဲ့ ပွဲကိုလည်း လူ တစ်ရာကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။

အခုလို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်ဖွဲ့ပေးဖို့ တောင်းဆိုမှုတွေ နဲ့ ပတ်သက်လို့ ကော်မရှင်ဘက်ကို ဆက်သွယ် ခဲ့ ပေမယ့်လည်း ဖြေကြားတာ မရှိတဲ့အတွက် ခုထိ သူတို့ရဲ့ သဘောထားမှတ်ချက်ကို တောင်းခံလို့ မရသေးပါဘူး။