၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို ဒေါ်စု ကြိုဆို

  • 9 ဧပြီ 2015
Daw Aung San Suu Kyi does not rule out election boycott
Image caption နည်းလမ်း အားလုံးမှာ ရွေးကောက်ပွဲ သပိတ် မှောက်ရေးလည်း ပါတယ်လို့ဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အပြီး လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့အနေနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ တောင်းထား ပေမဲ့ အခု ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုချက်အတိုင်း ဧပြီလ ၁၀ ရက် ၆ ပွင့်ဆိုင် တွေ့ဆုံမှာကို သဘောတူတယ်လို့ ပြောပါတယ်။

အရေးကြီးတာက တွေ့ဆုံမှုတွေ ဆက်လုပ်ဖို့နဲ့ အဲဒီ တွေ့ဆုံမှုတွေ ကနေ နိုင်ငံအတွက်အကျိုးရှိတဲ့ သဘောတူညီချက်တွေ ရဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နည်းလမ်းကို ရွေးမလား ဆိုတာနဲ့ ပတ်သက်လို့တော့ ရွေးစရာ လမ်း အားလုံးကို ဖွင့်ထားတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ရှေ့မှာ ဘာဖြစ်လာနိုင်တယ် ဆိုတာ အတပ် မပြောနိုင်တဲ့ အတွက် နိုင်ငံနဲ့ ပြည်သူရဲ့ ကောင်းကျိုး အတွက် အခြေအနေ အရ လုပ်သင့် လုပ်ထိုက်တာ တွေကို လုပ်ဆောင် သွားမယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်က ၂၀၁၅ ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်လုပ်မလုပ် အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲဖြစ်လို့ ၂၀၁၀ ထက် ပိုအရေးကြီးတယ်လို့ လည်း ပြောပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကြောင်း ပြပြီးရွေးကောက်ပွဲ ရွှေ့ဆိုင်းတာမျိုး မဖြစ်သင့်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ထပ်မံ သတိပေးခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ