ကိုးကန့် ပြောခွင့်ရ ပုဂ္ဂိုလ်ကို ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုးကန့်တပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းတွေကို စစ်ဆေး ကြည့်ရှုနေ

MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကို ၁၉၅၀ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေနဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ပြည်တွင်း ပြည်ပ မီဒီယာတွေကို မမှန် သတင်းတွေ ပေးခဲ့တယ် ဆိုပြီး ပုဒ်မ ၅က၊ ၅ခ တို့နဲ့ ဖမ်းဝရမ်း ထုတ်ထားတာလို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီလို ဖမ်းဝရမ်း ထုတ်တာကို သူ့ကို တိုက်ရိုက် အကြောင်းကြားတာမျိုး မရှိဘူးလို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

တိုက်ပွဲ ဖြစ်လာတဲ့ ကာလအတွင်း တပ်မတော်ဘက်က အယောက် ၃၀၀လောက် ကျတယ်ဆိုတဲ့ သူ့ရဲ့ ပြောဆိုချက်ကြောင့် ရှေ့တန်းက တပ်မတော်သားတွေကို စိတ်ဓါတ်ကျ စေတယ်လို့ အာဏာပိုင်တွေက ပြောကြောင်း မီဒီယာတွေထဲမှာ ဖေါ်ပြထားတယ်လို့ ဦးထွန်းမြတ်လင်းက ဘီဘီစီကို ပြောပါတယ်။

ကိုးကန့် တပ်စခန်းတွေ ကျသွားပြီ ဆိုတဲ့ တပ်မတော်ရဲ့ မဟုတ်မမှန် သတင်းတွေ အတွက်တော့ အရေးယူတာမျိုး မတွေ့ရဘူးလို့ သူက ပြောပါတယ်။

ဦးထွန်းမြတ်လင်းဟာ လောလောဆယ် တရုတ်မြန်မာ နယ်စပ် မြန်မာနိုင်ငံဘက် အခြမ်းမှာ နေထိုင်နေတယ်လို့ သိရပါတယ်။