ရခိုင်သင်္ဘောနစ်မြုပ်မှု ပြည်နယ် လွှတ်တော် အစီရင်ခံ

  • 10 ဧပြီ 2015
rakhine ဓာတ်ပုံ မူပိုင် AFP
Image caption အောင်တံခွန် (၃) သင်္ဘော မတ်လ (၁၃) ရက် က မြေပုံနားမှာ နစ်မြုပ်

လူအသေ အပျောက် အများ အပြား ရှိခဲ့တဲ့ အောင်တံခွန်(၃) သင်္ဘော နစ်မြုပ်မှု နဲ့ ပတ်သက် လို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ စုံစမ်းရေး အစီရင်ခံစာ ကို ရခိုင် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ကို ဒီကနေ့ တင်သွင်း ပါတယ်။

ဒီ အစီရင်ခံစာ ပါ အချက်အလက် တွေဟာ ပြည်နယ်အစိုးရ အဖွဲ့က ထုတ်ပြန် ထားတဲ့ စုံစမ်းရေး အစီရင်ခံစာ ပါ အကြောင်းအရာ တွေ နဲ့ ကွဲပြားမှု တွေ ရှိနေပါတယ်။

အခု ထုတ်ပြန် လိုက်တဲ့ အစီရင်ခံစာကတော့ ရခိုင် ပြည်နယ် လွှတ်တော်က ဖွဲ့စည်း ထားတဲ့ စုံစမ်းရေး ကော်မရှင် အဖွဲ့ရဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

အရင်တုန်း ကလည်း ပြည်နယ် အစိုးရအဖွဲ့ ကနေ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး ဒီလို အစီရင်ခံစာ မျိုး ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ပြည်နယ် အစိုးရ အစီရင်ခံစာ ဟာ လုံလောက်မှု မရှိဘူးဆိုပြီး လွှတ်တော် အမတ်တွေက စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီးတော့ အစီရင်ခံစာ ထပ်ထုတ် တာပါ။

အချက်အလက် ကွဲလွဲမှု တွေမှာတော့ သင်္ဘော နစ်မြုပ်စဉ် လိုက်ပါ လာတဲ့ ခရီးသည် ဦးရေ က(၂ဝဝ)ကျော် ရှိတယ် ဆိုပြီး ပြည်နယ် အစိုးရ အစီရင်ခံစာ မှာ ဖော်ပြထားပေမယ့် တကယ်တမ်း ပါလာတဲ့ ခရီးသည် က(၃၅ဝ)လောက် ရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ် တွေက ပြောပါတယ်။

ဒါ့အပြင် အသက်ရှင် ကျန်ရစ်သူ၊ သေဆုံးသူ၊ ပျောက်ဆုံးသူ စာရင်း ကလည်း လွဲမှား နေတယ် ဆိုပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ စုံစမ်းရေး ကော်မရှင် မှာ ဦးဆောင် ပါဝင်တဲ့ စစ်တွေမြို့နယ် အမှတ်(၂)မဲဆန္ဒနယ် က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။

နစ်မြုပ်ခဲ့တဲ့ သင်္ဘောရဲ့ ကြံ့ခိုင် မှုကို ပုံမှန် စစ်ဆေးဖို့ အစိုးရ ဘက်က ပျက်ကွက် ခဲ့သလို ပြင်ဆင်မှု တွေ လုပ်ရာ မှာလည်း သင့်တော်တဲ့ ပစ္စည်းတွေနဲ့ လုပ်ဆောင် ခဲ့ခြင်း မရှိဘူးဆိုပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နစ်မြုပ်စဉ်မှာ သင်္ဘောပေါ်မှာ ကုန်တန်ချိန် အဆမတန် တင်ဆောင် ထားပြီး ရေယာဉ် ဝန်ထမ်းတွေ ဟာ အလုပ်ချိန်မှာ အရက်သေစာ သောက်စား ထားတယ် ဆိုပြီး ဦးအောင်မြကျော်က ပြောပါတယ်။

တောင်ကုတ်-စစ်တွေ ပြေးဆွဲ နေတဲ့ အောင်တံခွန် (၃) သင်္ဘော ဟာ ပြီးခဲ့တဲ့ မတ်လ (၁၃) ရက်နေ့က မြေပုံမြို့ အနီးမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

နစ်မြုပ်မှုနဲ့ ပတ်သက်လို့အခု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ အစီရင်ခံစာမှာတော့ တွေ့ရှိချက် (၂၇)ချက် သုံးသပ်ချက် (၁၄)ချက် ကို ဖော်ပြ ထားပါတယ်။

လောလောဆယ် မှာ ဒီအစီရင်ခံ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဆီကို တင်သွင်း ထားပြီး ဒီကမှ တဆင့် ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စု အစိုးရကို တင်ပြဖို့ ရှိနေ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ