သင်္ကြန်တွင်း လိင်စိတ်ကြွဆေးတွေ ပိတ်ပင်

  • 11 ဧပြီ 2015
ဓာတ်ပုံ မူပိုင် nall carsonRA wire
Image caption ဆေးဆိုင်တွေမှာ လိင်စိတ်ကြွဆေးတွေတင်မက condom တွေပါ လိုက်သိမ်းနေတယ်လို့ ဆေးဆိုင် ပိုင်ရှင်တွေပြော

သင်္ကြန်တွင်း ကာလ ရန်ကုန်မြို့မှာ လိင်ကိစ္စ မှုခင်းတွေကို ထိန်းချုပ်နိုင်ဖို့ ဆိုပြီး အထူး စီမံကိန်း အနေနဲ့ ဆေးဆိုင်တွေကို ဆေးဝါး တချို့ တင်မရောင်းဖို့ အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။

တရားမဝင် ဆေးဝါးတွေသာမက တရားဝင် သွင်းတဲ့ ဆေးတွေထဲက ဆေးအမျိုးအစား တချို့ကို မရောင်းချဖို့ ပိတ်ပင်ခဲ့တာလို့ ရန်ကုန်က ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ စိတ်ကြွဆေးတွေနဲ့ Viagra လို ယောက်ျားကာမ အားတိုးဆေးတွေကို မရောင်းချရဘူး ဆိုပြီး ပြီးခဲ့တဲ့ မတ်လက ရဲနဲ့ ကျန်းမာရေးဌာနတွေက ဆေးဆိုင်တွေကို ခေါ်ပြောခဲ့အပြီးမှာ ဆိုင်တွေကိုပါ ဝင်စစ်ဆေးတာမျိုးတွေ လုပ်လာနေတာပါ။

ရပ်ကွက် အာဏာပိုင်တွေ နဲ့ ရဲတပ်ဖွဲ့က ဆေးဆိုင်တွေကို ဝင်ရောက် စစ်ဆေးတဲ့အခါ သန္ဓေတားဆေးလို သားဆက်ခြားဆေးတွေနဲ့ Condom လို အကာအကွယ် ပစ္စည်းတွေ ကိုပါ သိမ်းယူတာမျိုးတွေ ရှိတယ်လို့လည်း အဲဒီ ဆေးပိုင်ရှင်က ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ရဲမှုးချုပ် သူရ ဦးဘိုနီ ကတော့ သင်္ကြန်တွင်းမှာ မိန်းကလေးငယ်တွေကအစ သာမန်အချိုရည် မဟုတ်ပဲ မူးယစ်စေတတ်တဲ့ ယမကာတွေကိုပါ သုံးစွဲလာတာ တွေ့ရသလို လိင်ပိုင်းဆိုင်ရာ စိတ်ကြွဆေးတွေကိုလည်း သင်္ကြန်အချိန်ကိုက် ဖေါဖေါသီသီ ရောင်းချလာတာကို တွေ့ရတဲ့အတွက် အခုလို တားမြစ် ပိတ်ပင်ချက် ထုတ်ရတာလို့ ပြောပါတယ်။

ဒါပေမယ့်လည်း သန္ဓေတားဆေးနဲ့ Condom လို အကာအကွယ် ပစ္စည်းတွေကို သိမ်းဆည်းဖို့ ကိုတော့ အမိန့် မထုတ်ထားဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း တချို့ဆေးဆိုင်တွေမှာ သန္ဓေတားဆေးနဲ့ Condomတွေကို လိုက်သိမ်း နေတာနဲ့ ပတ်သက်လို့တော့ ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။

သန္ဓေတားဆေးတွေကို လိုက်သိမ်းနေခြင်းကြောင့် မရည်ရွယ်ပဲ ကိုယ်ဝန် ရမှုတွေ ရှိလာနိုင်ပြီး အကျိုးဆက်အနေနဲ့ လူမှုရေး ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်ကြောင်းနဲ့ HIV ၊ AIDS လို လိင်ပိုင်းဆိုင်ရာ ရောဂါတွေကို ကြိုတင်ကာကွယ်ရာမှာ Condom သုံးတဲ့နည်းက တန်ဘိုး နည်းနည်းနဲ့ အထိရောက်ဆုံး ဖြစ်တာကြောင့် ဒီလို ပစ္စည်းမျိုးတွေကို မသိမ်း သင့်ကြောင်း UK နိုင်ငံ မန်ချက်စတာ ဆေးရုံမှ ဒေါက်တာ အောင်ကျော်က ပြောပါတယ်။

Condom တွေ လိုက်သိမ်းမယ့်အစား လူငယ်တွေအကြား အခမဲ့ ဝေငှတာမျိုးတွေ ပညာပေး ဟောပြောတာမျိုးတွေကို လုပ်သင့်တယ်လို့လည်း သူကပြောပါတယ်။