၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ

  • 10 ဧပြီ 2015
suu_kyi ဓာတ်ပုံ မူပိုင် Reuters
Image caption တွေ့ဆုံပွဲ အဓိပ္ပာယ် ရှိဖို့လိုကြောင်း ဒေါ်စုပြော

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦး၊ လွှတ်တော် မှာ ရှိတဲ့ တိုင်းရင်းသား ပါတီ တွေ က ရွေးထားတဲ့ ကိုယ်စားလှယ် ဒေါက်တာ အေးမောင် တို့ သောကြာနေ့မှာ နေပြည်တော် မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်ရေး၊ ရွေးကောက်ပွဲ အလွန် တည်ငြိမ် အေးချမ်းရေး တွေ အတွက် ဆွေးနွေး ခဲ့ကြပါတယ်။

သင်္ကြန် အပြီး နောက်ထပ် လွှတ်တော် အစည်းအဝေး ကျင်းပချိန်မှာ ထပ် တွေ့ဆုံဖို့ သဘော တူညီချက် ရခဲ့ပြီး ဒီစစ်ဘက်နဲ့ နိုင်ငံရေး ခေါင်းဆောင် တွေ သမိုင်းဝင် ဆွေးနွေးပွဲ ပြီးဆုံးခဲ့တယ် လို့ လည်း သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဆွေးနွေးပွဲ အကြောင်းအရာ၊ မူဘောင် ပုံစံ တွေနဲ့ ကျင်းပဖို့ အချိန် သတ်မှတ်ချက် တွေကို သဘောတူခဲ့တယ် လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဧပြီလ ၂၁ ရက်က မေလ ၁၁ ရက် အတွင်း ဆွေးနွေးပွဲ ပြန်စနိုင် လိမ့်မယ် လို့ ဒေါက်တာ အေးမောင် က ယူဆ ပါတယ်။

နောက်ဆွေးနွေးပွဲ တွေမှာ သမ္မတ ဦးသိန်းစိန် ဘက်က တိုင်းရင်းသား ကိုယ်စားလှယ် တွေ ထပ်တိုး ထည့်ချင်ပေမယ့် နောက်ဆုံး ၆ ပွင့်ဆိုင် မူကိုပဲ သဘောတူခဲ့ကြတယ်လို့ ဒေါက်တာ အေးမောင် က ပြောပါတယ်။

အခြေခံ ဥပဒေ က တားမြစ် ထားလို့ ဒေါ်အောင်ဆန်း စုကြည် သမ္မတ အရွေးခံလို့ မရ ဖြစ်နေ ပေမယ့် ကာကွယ်ရေး ဦးစီးချုပ် ဘက်က လက်ရှိ အခြေခံ ဥပဒေ ကို အတည်ပြုတာ မကြာသေးလို့ ပြင်ဖို့ မလိုအပ်သေးဘူးလို့ ယူဆ နေကြောင်း သိရပါတယ်။

ရွေးကောက်ပွဲတွေ လွတ်လပ် မျှတစွာ ကျင်းပ နိုင်မှ ဒီတွေ့ဆုံပွဲတွေ အဓိပ္ပာယ် ပြည့်ဝမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ