ကချင် ဆရာမလေး နှစ်ဦး အသတ်ခံခဲ့ရမှု တရားခံ မပေါ်သေး

ဓာတ်ပုံ မူပိုင် Mary Toms FB
Image caption ကချင် ဆရာမလေးတွေ ရက်ရက်စက်စက် အဓမ္မ ပြုကျင့် သတ်ဖြတ် ခံခဲ့ရတဲ့ ကိစ္စ စုံစမ်း စစ်ဆေးနေတာ တလကျော် ရှိ

ရှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးရွာမှာ ကချင် ကျောင်းဆရာမ နှစ်ဦး အဓမ္မ ပြုကျင့် သတ်ဖြတ်ခံ ခဲ့ရတဲ့ အမှုကို စုံစမ်း စစ်ဆေးရာမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်နေရတယ်လို့ သိရပါတယ်။

အခင်းဖြစ်ခဲ့ရာ အရပ် က ရွာသားတွေ အားလုံးကို တွေ့ဆုံ မေးမြန်းခဲ့ပြီး ဖြစ်ပေမယ့် အခင်းဖြစ်တဲ့နေ့မှာ အဲဒီရွာအနီးမှာ ရှိနေတဲ့ တပ်မတော် စစ်ကြောင်းက စစ်သားတွေကို ရဲနဲ့ KBC ပူးပေါင်းပြီး ပြန်စစ်ဆေးဖို့ လိုနေကြောင်း၊ အဲဒီအဆင့်မှာ နှောင့်နှေး ကြန့်ကြာနေရတာ ဖြစ်ကြောင်း ဒီအမှုနဲ့ ပတ်သက်လို့ သီးခြား စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ KBC ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် အတွင်းရေးမှူး ဒေါက်တာ Samson က ဘီဘီစီ ကို ပြောပါတယ်။

စစ်တပ်ကို ရဲက စစ်ဆေးဖို့ရာ အခက်အခဲ ရှိနေတယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

မူဆယ် ခရိုင် မှုခင်းရဲက အဲဒီ တပ်မတော် စစ်ကြောင်းက စစ်သားတွေဆီက DNA စစ်ဖို့ ဆံပင် နမူနာ ယူတာမျိုးပဲ လုပ်ခဲ့ပြီး ဒေသခံ ရွာသားတွေ ကို စစ်ဆေး မေးမြန်းခဲ့ သလိုမျိုးတော့ မလုပ်ဘူးလို့ ဆိုပါတယ်။

ပြစ်မှု ကျူးလွန်သူတွေဟာ လူ ၄၊ ၅၊ ၆ ယောက် လူအုပ်နဲ့ ဝိုင်းပြီး ကျူးလွန်ခဲ့ပုံ ရပြီး မှုခင်း ရဲတပ်ဖွဲ့က သံသယ ရှိနေတဲ့ ဒေသခံ လူငယ်လေး ၂ယောက်ရဲ့ လက်ချက် မဖြစ်နိုင်ဘူးလို့ ဒေါက်တာ Samson က ပြောပါတယ်။

အခုအခါ တပ်မတော် စစ်ကြောင်းက စစ်သားတွေကို တွေ့ဆုံ မေးမြန်းခွင့် ရဖို့ ရှမ်းပြည်နယ် ကချင် ရှေ့နေများ အဖွဲ့က တောင်းဆိုထားကြောင်း၊ ရဲနဲ့ KBC ပူးပေါင်းပြီး စစ်ဆေးမယ် ဆိုရင် အဖြေ တမျိုး ထွက်လာနိုင်စရာ ရှိတယ်လို့ သူက ပြောပါတယ်။

အခုအခါ အခြေအနေဟာ ထိပ်တိုက် ဖြစ်နေပြီး အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ဖို့ လိုလားနေတယ်လို့ KBC ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် အတွင်းရေးမှူး ဒေါက်တာ Samson က ဘီဘီစီ ကို ပြောပါတယ်။