သင်္ကြန်မဏ္ဍပ်ပါမစ် ကျပ်လို့ လက်မှတ်စျေးတက်

  • 12 ဧပြီ 2015
tHINGYAN ဓာတ်ပုံ မူပိုင် EPA
Image caption သင်္ကြန်သံချပ်ထိုးချသူများ

ဒီနှစ်သင်္ကြန်မှာ ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ပါမစ်ဟာ အရင်နှစ်တွေထက် ပိုခက်တဲ့အတွက် တချို့မဏ္ဍပ်တွေဆို လက်မှတ်တွေ ရောင်းပြီးကာမှ ပါမစ်မရလို့ ငွေပြန်အမ်းရတာမျိုးတွေ ရှိသလို တချို့တွေကလည်း ရထားပြီးသား ပါမစ်တွေကို ဈေးတင်ပြီး ပြန်လည် ရောင်းချတာမျိုးတွေ ရှိနေပါတယ်။

သင်္ကြန်မှာ ပျော်ဖို့ ပြင်နေတဲ့ မနဒီဇင်က ဒီနှစ်သင်္ကြန်ဟာ ခါတိုင်းနှစ်တွေထက်စာရင် ကုန်ကျမှု များလွန်းတယ်လို့ ဆိုပါတယ်။

ကမ္ဘာအေးဘုရားလမ်းမှာ ပုံမှန် သိန်း ၃၀၀ ကုန်ကျမယ့် မဏ္ဍပ်က အခု သိန်း ၆၀၀ လောက် ကုန်ကျကြောင်း၊ စည်ပင်ကို ပေးရတဲ့ သိန်း ၁၀၀ ကလည်း တက်လာတဲ့ စျေးနှုန်းဖြစ်ကြောင်း မနဒီဇင်က ပြောပါတယ်။

မဏ္ဍပ်တွေမှာ လက်မှတ်ဈေးနှုန်းကလည်း အရင်က ၃၅၀၀၀ တန်ဟာ အခု ၅၅၀၀၀ လောက် ပေးရတယ်လို့ သူက ဆိုပါတယ်။

ချန်နယ်ဖိုက် ရေကစားမဏ္ဍပ်က စီစဉ်ဆောင်ရွက်သူ ကိုသစ်မင်းဆွေကတော့ ရေလာကစားသူတွေအတွက် ဝန်ဆောင်မှုတွေကိုတော့ ကောင်းကောင်းပေးထားတယ်လို့ ပြောပါတယ်။

ဒီလို ဝန်ဆောင်မှုတွေအပြင် မဏ္ဍပ်တွေမှာ အရက်ဆိုင်နဲ့ စားသောက်ဆိုင်တွေနဲ့ တွဲပြီး ဖွင့်ထားတာပါ။

မဏ္ဍပ်ပိုင်ရှင်တွေကတော့ ရေကစားတဲ့လူငယ်တွေအကြား မူးယစ် သောက်စား ရမ်းကားတာမျိုးတွေ မရှိဖို့ အထူးဂရုပြု ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ