KNU-KAF ပူးတွဲ ဖိတ်ကြားချက် KNU ပယ်ချ

  • 13 ဧပြီ 2015
Image caption KAF ကိစ္စကို လာမယ့် KNU ညီလာခံ ကျရင် ဆွေးနွေးဖို့ ရှိတယ်လို့ ဖဒို ကွယ်ထူးဝင်း က ပြောပါတယ်

UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ ဌာနချုပ် ပန်းဆန်းမှာ ကျင်းပဖို့ ညီလာခံ အတွက် ကရင် အမျိုးသား အစည်းအရုံး KNU အတွက် ဖိတ်စာမှာ KNU-KAF ဆိုပြီး လိပ်မူ ထားလို့ KNU က လက်မခံဘူး ဆိုပြီးUWSA ကို အကြောင်း ပြန်ကြား လိုက်ပါတယ်။

KNU အနေနဲ့ အဲဒီလို KNU-KAF ဆိုပြီး သုံးစွဲတာ မရှိတဲ့ အတွက် ပြန်ပြီး အကြောင်း ကြား လိုက်တာ ဖြစ်တယ်လို့ KNU အထွေထွေ အတွင်းရေးမှူး ဖဒို ကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

KAF ဆိုတာ ကတော့ ကရင် အမျိုးသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်း ထားတဲ့(Kawthoolei Armed Forces) ကော်သူးလေ တပ်မတော် ဆိုပြီး ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ လမှာ ကြေညာချက် ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။

ဒီ KAF ကိစ္စကို လာမယ့် KNU ညီလာခံ ကျရင် ဆွေးနွေးဖို့ ရှိတယ်လို့လည်း ဖဒို ကွယ်ထူးဝင်းက ပြောပါတယ်။

UWSA ပြောခွင့်ရ ဦးအောင်မြင့် ကတော့ KNU နာမည် တခုတည်း လိပ်မူပြီး ဖိတ်စာ အသစ် ပြန်ပို့ ခဲ့ပြီလို့ ပြောပါတယ်။ မေလ ၁ရက်နေ့ ညီလာခံက လည်း ကျင်းပ ဖို့ သေချာ သလောက် ရှိနေ ပြီလို့ ဘီဘီစီကို ပြောကြားခဲ့ ပါတယ်။

ညီလာခံ ကျင်းပဖို့ အတွက် UWSA ကနေ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကို ဖိတ်စာ ပို့ထား ပြီလည်း ဖြစ်ပါတယ်။