ရခိုင်မှာ စိတ်ကြွဆေးပြား နှစ်သိန်းကျော် ဖမ်းဆီးမိ

  • 14 ဧပြီ 2015
Image caption လွန် ခဲ့တဲ့ သုံးလ အတွင်း အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် အတွင်း အများဆုံး ဖမ်းဆီး မိတာ ဖြစ်ပါတယ်

ရခိုင် ပြည်နယ် အနောက်ဘက် နယ်စပ် မှာ စိတ်ကြွ ရူးသွပ် ဆေးပြား နှစ်သိန်းကျော် ကို လူ ၈ ဦးပါ သောင်တင် နေတဲ့ စက်လှေ တစ်စီးနဲ့ အတူ ဖမ်းဆီး ရမိခဲ့ ပါတယ်။

မြန်မာဘက် ကနေ ဘင်္ဂလားဒေ့ရှ် ကို တင်ပို့ဖို့ စီစဉ် နေချိန် သောင်တင် သွားတဲ့ စက်လှေ တစ်စီးပေါ် ကို နယ်ခြား စောင့်တပ်ဖွဲ့က တက်ရောက် ရှာဖွေစဉ် ဖမ်းဆီး မိခဲ့တာလို့ မောင်တော ခရိုင် ရဲမှူးကြီးက အတည်ပြု ပြော ကြားပါတယ်။

ဒီဆေးပြား တွေနဲ့ အတူ လူ ၈ ဦး ကိုလည်း ဖမ်းဆီး မိခဲ့ ပါတယ်။ နောက်ထပ် နှစ်ဦး ကတော့ ထွက်ပြေး လွတ်မြောက် သွားခဲ့ တယ်လို့ သိရပါတယ်။

အခု ဖမ်းဆီး ရမိတဲ့ ဆေးပြား ပမာဏဟာ ကုန်လွန် ခဲ့တဲ့ သုံးလ အတွင်း မှာ မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် အတွင်း အများဆုံး အရေ အတွက် ဖြစ်ပါတယ်။

မြန်မာ- ဘင်္ဂလား နယ်စပ်မှာ မြန်မာ ဘက်က ယာဘလို့ ခေါ်တဲ့ စိတ်ကြွ ရူးသွပ် ဆေးပြား တွေ နေ့စဉ်နဲ့ အမျှ ဘင်္ဂလားဒေ့ရှ် ဘက်ကို ဝင်ရောက် နေတာကြောင့် ဘင်္ဂလာဒေ့ရှ် ဘက်ခြမ်း မှာလည်း စစ်ဆေးရေး ဂိတ်ပေါင်း ဒါဇင် နီးပါးခန့် ဖွင့်လှစ်ပြီး ရှာဖွေ စစ်ဆေး မှုတွေ ပြုလုပ် နေပါတယ်။

ခုလို ပြုလုပ် နေပေမယ့် နယ်စပ်ဟာ ရှည်လျားတဲ့ အတွက် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားမှု နှိမ်နှင်းဖို့ မလွယ်ကူ နိုင်ဘဲ ဖြစ်နေကြ တယ်လို့ ဒေသခံ တစ်ဦးက ပြောပါ တယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ စိတ်ကြွ ဆေးပြားကို လိင် အားတိုးဆေး အနေနဲ့ လူငယ် လူရွယ်တွေ အကြားမှာ သုံးစွဲမှု တိုးပွား နေပြီး ရောင်းဈေး ကလည်း မြန်မာ ဈေးကွက် ထက် နှစ်ဆထိ ရရှိ တာကြောင့် နှစ်ဘက် နိုင်ငံ စီးပွားရေး သမား တွေက ခုလို တင်ပို့ နေကြတာ ဖြစ်တယ်လို့ သိရှိ ရပါတယ်။