ဂျပန်က မြန်မာကို အကူအညီ ဆက်ပေးမယ်

  • 15 ဧပြီ 2015
Minister U Aung Min meets Japanese PM Mr Abe ဓာတ်ပုံ မူပိုင် AFP
Image caption ဝန်ကြီး ဦးအောင်မင်း ဂျပန် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ

ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဝန်ကြီးဦးအောင်မင်းနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ ပါဝင်တဲ့ အဖွဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိ နေပါတယ်။

အခု ခရီးစဉ် အတွင်း ဧပြီလ ၁၄ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဆိုအာဘေးနဲ့ တွေ့ဆုံပြီး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။

ဒါ့အပြင် ဂျပန် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ လွှတ်တော် အမတ်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ နိုင်ငံရဲ့ လက်ရှိ အနေအထားတွေကို ရှင်းလင်း ပြောပြခဲ့ကြပါတယ်။

ဂျပန် အစိုးရ ဘက်က မြန်မာ နိုင်ငံ အတွင်း ပဋိပက္ခ ဖြစ်ရာ ဒေသတွေမှာ ဖွံ့ဖြိုးရေး အကူအညီ ဒေါ်လာ ၈၃ သန်း ပေးမယ်လို့ မနှစ်က ပေးခဲ့တဲ့ ကတိအတိုင်း ဆက်ပေးမယ်လို့ ဦးအောင်မင်းနဲ့ အဖွဲ့ ဂျပန်ရောက်စဉ် ပြော ခဲ့ပါတယ်။

ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ အဖွဲ့ ဥက္ကဌ ဦးသန်းဆွေကတော့ မြန်မာ နိုင်ငံမှာ ဂျပန်က ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ဖို့ စိတ်ဝင်စားပေမဲ့ လက်တွေ့ လာရောက် လုပ်ဆောင်တာ မရှိသေးတဲ့ အတွက် မြန်မာ အစိုးရ ဘက်က နှစ်နိုင်ငံနီးကပ်တဲ့ ဆက်ဆံရေး လိုလားပုံရတယ်လို့ သူက ပြောပါတယ်။

မကြာသေးခင်က ဂျပန် နိုင်ငံခြားရေး ဌာန အရှေ့တောင် အာရှ ဆိုင်ရာ တာဝန်ရှိသူနဲ့ သွားတွေ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ ပွင့်လင်း မြင်သာမှု ရှိရေး၊ လူသား အထောက် အကူပြု အကူအညီတွေ ပေးတဲ့ အခါ ဒေသတွင်းမှာ လုပ်ဆောင်နေတဲ့ NGO တွေ ကနေ တိုက်ရိုက် ပေးဖို့ စတာတွေကို တိုက်တွန်းခဲ့တယ်လို့ ဦးသန်းဆွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ