ပြိုင်ဖက် ပါတီသစ် ပေါ်လာမှာ အန်အယ်ဒီ မမှုလို့ဆို

  • 15 ဧပြီ 2015
Image caption အန်အယ်ဒီက မူလဆောင်ရွက်နေတဲ့ အတိုင်းဆက် လုပ်မယ်လို့ ဦးဝင်းထိန်ပြော

အန်အယ်ဒီ အနေနဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရ လက်ထက်က စစ်ဗိုလ်ချုပ် ဟောင်းတွေ ဦးဆောင်တဲ့ ပါတီ တရပ် ပေါ်ပေါက်လာမှာကို မစိုးရိမ်ဘူး လို့ အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

ပါတီတခုတည်ထောင်ဖို့ မလွယ်ဘူးလို့ သူက ပြောပြီး "အဲဒီပါတီအတွက် မြို့နယ် တိုင်းမှာ အခြေခံကအစ grassroots ပေါ့ လုပ်ပေးတဲ့လူတွေ ရှိရမယ်၊ အဖွဲ့အစည်းတွေ ရှိရမယ်။ အဲဒါမရှိဘဲနဲ့ ထောင်နေလို့တော့ ဒါစိတ်ကူးယဉ်တာဘဲ။" လို့ ဘီဘီစီကို သူက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ထွန်းကြည်တို့လို လူတွေပါမယ် ဆိုရင် ပိုက်ဆံတောင့်မှာ သေချာပေမယ့် နိုင်ငံရေးဆိုတာ ပိုက်ဆံ တခုတည်းနဲ့ လုပ်လို့ ရတာ မဟုတ်ဘဲ ပြည်သူ လူထု ဘယ်လောက် လက်ခံသလဲ ဆိုတဲ့ အပေါ်မှာ တည်တယ်လို့ သူကဆိုပါတယ်။

ပါတီတွေ အများကြီး ရှိနေတဲ့ အတွက် အမတ်နေရာ ၄၀၀ လောက်ဝင်ပြိုင်မယ် ဆိုတဲ့ အဲဒီပါတီ သစ်ဟာ အမတ်နေရာ ၁၀ ရာနှုန်းလောက် ရဖို့ဟာ လက်တွေ့မကျဘူးလို့ မဆိုနိုင်တာကြောင့် အန်အယ်ဒီ ဟာ ရွေးကောက်ပွဲအပြီးမှာ အတိုက်အခံ အနေနဲ့ဘဲဆက်ရှိမနေနိုင်ဘူးလားဆိုတာနဲ့ပတ်သက်လို့တော့ "အန်အယ်ဒီဟာ စဉ်းတီတုံး ပေါ်မှာတင်ထားတဲ့ အသားတုံးလို နုတ်နုတ်စဉ်းခံလာ ရတဲ့ ဘဝ ကနေအခု လွှတ်တော် ကို ရောက်တဲ့အထိ ရှိ လာ ပြီ။"လို့ဆိုရင်း ပြည်သူလက်ခံအောင်ကြိုးစားပြီး ပြည်သူအကျိုးကို ဖန်တီးပေးတဲ့ ကြားက အတိုက်အခံဘဲ ဖြစ်လာရင်လည်း ဆက်ပြီး လှုပ်ရှား ရုန်းကန်သွားမယ် လို့ ဦးဝင်းထိန်က ပြောပါတယ်။

အန်အယ်ဒီဟာ ပြည်သူ လက်ခံအောင်သာကြိုးစားမှာ ဖြစ်ပြီး ဘယ်ပါတီနဲ့ ပြိုင်မယ်ဆိုတာ မရှိဘူးလို့ လည်း သူကဆိုခဲ့ပါတယ်။