ကိုးကန့်မှာ တိုက်ပွဲတွေ ဖြစ်နေသေးလို့ ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေး

Kokang Refugees ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုးကန့် ဒေသ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြသူ သောင်းချီရှိနေ

မြန်မာအစိုးရ တပ်မတော်နဲ့ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ သင်္ကြန်တွင်း ကာလအထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာမှာ အစိုးရဘက်က အရေးပါတဲ့ တောင်ကုန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာ့ ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန်ကြေညာ ပါတယ်။

ကိုးကန့်ဘက်က အလောင်း ၂ လောင်း ရရှိပြီး အစိုးရဘက်က ၁၆ ယောက် ကျဆုံးတယ်လို့ အစိုးရ ဘက်က ပြောပေမဲ့ MNDAA မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်ရဲ့ ပြောရေး ဆိုခွင့်ရှိပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက တော့ အစိုးရဘက်က ကျဆုံးသူ အရေအတွက် ဒီ့ထက်များတယ်လို့ ပြောပါတယ်။

အစိုးရ ဘက်က ပြောသလို တိုက်ပွဲတွေကြောင့် ကိုးကန့် စခန်းတွေ အသိမ်းခံရတာ မရှိဘူးကြောင်းနဲ့ ဗျူဟာ အရ စခန်းငယ်တွေကနေ ဆုတ်ခွာ ခဲ့တာသာ ရှိတယ်လို့လည်း သူက ပြောပါတယ်။

အစိုးရ စစ်တပ် တပ်ရင်း ပေါင်း ၈၀ ကျော် ၉၀ လောက် ကိုးကန့် အထူ ဒေသခွင်ထဲမှာ ရှိနေပြီးဖြစ်လို့ နောက်ထပ် ထိုးစစ်တွေ ဆင်လာ နိုင်တယ်လို့လည်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကို ဗုံးကျ ခဲ့လို့ ပြဿနာ ဖြစ်ခဲ့ရပြီး နောက်ပိုင်းမှာ နောက်ထပ် အစိုးရ တပ်ဘက်က ဗုံးကြဲတိုက်ခိုက်တာ မရှိတော့ဘဲ ထောက်လှမ်းတာလောက်ပဲ ရှိတော့ တယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့ အခြေ အနေနဲ့ အေးချမ်းသွားပြီ ဖြစ်လို့ ဒေသခံတွေ နေအိမ် ပြန်လာနေကြတယ်လို့ အစိုးရ ဘက်က ပြောဆိုတာတွေ ရှိပေမဲ့ အများစုက ပြန်မလာနိုင် သေးဘူးလို့ လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောပါတယ်။

ဒါ့အပြင် သူက သူ့မိသားစုဝင်တွေ ကိုယ်တိုင် နေ့လယ်မှာ လောက်ကိုင်ကို ပြန်လာပြီး သူတို့ ပိုင်ဆိုင်မှုတွေကို လာကြည့်ကြတယ်၊ ညပိုင်းမှာ သူတို့ ခိုလှုံရာ ဒုက္ခသည် စခန်းတွေကို ပြန်သွားကြတယ်လို့ ပြောပါတယ်။

ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် ဒုက္ခသည် စုစုပေါင်း ၉ သောင်းလောက်ရှိပြီး နယ်စပ်တွေမှာ စစ်ရှောင်နေကြတဲ့ ဒုက္ခသည်တွေထဲမှာ မရှိမဖြစ် အကူအညီလိုအပ်သူ ၆ သောင်း ၁ ထောင်လောက် ရှိမယ်လို့ ခန့်မှန်းကြောင်းလည်း ဦးကျော်နီနိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ