ရုရှား ကနေ မြန်မာ အလောင်းတွေ ပြန်ရောက်

  • 16 ဧပြီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption မိဘ ဆွေးမျိုးတွေ ကတော့ ဒီဖြစ်ရပ် အတွက် ယူကျုံးမရ ဖြစ်နေကြပါတယ်

ရုရှား နိုင်ငံ ငါးဖမ်း သင်္ဘော နစ်မြုပ်လို့ သေဆုံး သွားသူ တွေထဲက ပြန်ဆယ် ယူလို့ ရတဲ့ မြန်မာ အလုပ်သမား ၁၆ လောင်း မြန်မာ ပြည်ကို ကြာသပတေး နေ့မှာ ပြန်ရောက် လာပြီ ဖြစ်ပါ တယ်။

အလောင်း တွေကို ရုရှား ကနေ လေယာဉ်နဲ့ ပြန်သယ် လာရာ၊ မနက်ပိုင်း ပြန်ရောက် လာမယ်လို့ သိထားကြတဲ့ အတွက် မိသားစု တွေက မနက်ကတည်းက စောင့်ဆိုင်း နေခဲ့ကြပေမဲ့ အလောင်းတွေ သယ်လာတဲ့ လေယာဉ်က နေ့လယ် ကျမှ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက် လာခဲ့ တာပါ။

ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးနဲ့ မြောက်ဥက္ကလာပ ဆေးရုံ တွေမှာ အလောင်း တွေကို အထူး အစီ အစဉ်နဲ့ မြန်မြန် စစ်ဆေး မှုတွေ လုပ်ပြီး၊ မိဘတွေ ကလည်း သက်ဆိုင်ရာ အလောင်း တွေကို ကြည့်ရှု အတည်ပြု ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ နောက်မှာတော့ အလောင်း တွေကို ကာယကံရှင် မိဘ ဆွေမျိုး တွေရဲ့ ဆန္ဒ အတိုင်း နှစ်မကူးခင် ကြာသပတေး နေ့မှာပဲ သင်္ဂြုဟ် မှာ ဖြစ်တယ်လို့ အဲဒီ ကိစ္စ အတွက် ကူညီ ဆောင်ရွက် ပေးနေတဲ့ ရန်ကုန် နာရေး ကူညီမှုအသင်း ဒုတိယ ဥက္ကဌ ဒေါ်သန်းမြင့်အောင် က ပြောပါတယ်။

မြင်းခြံက ဖြစ်တဲ့ ကိုမြင့်ဇော်ဝင်းရဲ့ အလောင်း ကိုတော့ သူ့ရဲ့ မိဘ ဆွေးမျိုး တွေက မြင်းခြံ မှာပဲ သင်္ဂြုဟ် မှာ ဖြစ်လို့ ကြာသပတေး နေ့မှာပဲ မြင်းခြံကို ပြန်သယ် သွားပြီ ဖြစ်ပါတယ်။

ရန်ကုန် နာရေးကူညီမှု အသင်း ကတော့ အလောင်း ၅ လောင်း သင်္ဂြိုဟ် ဖို့ကို တာဝန်ယူ ဆောင်ရွက် ပေးတာပါ။

မိဘ ဆွေမျိုးတွေ ကတော့ နိုင်ငံရပ်ခြားမှာ အခုလို ဖြစ်ပျက် ခဲ့တဲ့ အပေါ် ယူကျုံး မရ ဖြစ်ခဲ့ ရတယ်လို့ ဒေါ်သန်းမြင့်အောင်က ပြောပြပါတယ်။