မြန်မာအစိုးရက အမေရိကန် အကျိုးဆောင် အဖွဲ့ငှား

  • 17 ဧပြီ 2015
US President and Burmese counterpart ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး ကောင်းမွန် နေပြီး စိုးရိမ်စရာ မရှိဘူးလို့ သမ္မတ အကြံပေး ပြော

မြန်မာ အစိုးရက အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့၊ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေကိုအမေရိကန် ကွန်ဂရက်နဲ့ အမေရိကန် ပြည်သူတွေ သိရှိအောင်စည်းရုံး ဆောင်ရွက်ပေးဖို့ အမေရိကန် က အကျိုးဆောင် အဖွဲ့ တစ်ဖွဲ့ကို ငှားရမ်းခဲ့ ပါတယ်။

Podesta Group ဆိုတဲ့ အကျိုးဆောင်အဖွဲ့ကို တစ်နှစ်ကို ဒေါ်လာငွေ ၈ သိန်းကျော် အကုန်ခံ ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ နီးလာတဲ့ အချိန်မှာ အခုလို ငှားရမ်းတယ် ဆိုတာနဲ့ ပါတ်သက်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ နေဇင်လတ်ကို မေးကြည့်တော့ နိုင်ငံတိုင်းမှာ ဒီလို လုပ်ဆောင်မှုတွေ ရှိနေပြီး မြန်မာ နိုင်ငံ အတွက်က နောက်တောင် ကျနေတယ်လို့ ယူဆကြောင်း ပြောပါတယ်။

မြန်မာ အစိုးရရဲ့ ပြည်တွင်း ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေ အမှန်တကယ် ဖြစ်နေတာနဲ့ အမေရိကန် ပြည်သူတွေ သိရှိတာတွေမှာ ကွဲလွဲမှုတွေ ရှိနိုင်တဲ့ အတွက် အစိုးရ ဘက်က ရှင်းလင်း ပြောပြတာထက်စာရင် သူတို့ နိုင်ငံက အဖွဲ့ အစည်းက ရှင်းပြတာက ပိုထိရောက်မယ် ထင်တယ်လို့လည်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရက သူတို့ လက်ရှိ လုပ်ဆောင်ချက်တွေ အမေရိကန်သိအောင် ပြည်သူပိုင်ငွေ ဒေါ်လာငွေ ၈ သိန်းကျော် အကုန်အကျခံပြီး တာနဲ့ ပတ်သက်လို့တော့ ဘယ်အစိုးရမဆို ဒီလို သုံးစွဲမှာ ဖြစ်ကြောင်း သူက ကာကွယ် ပြောဆို ပါတယ်။

အစိုးရ အနေနဲ့ မူဝါဒပိုင်းကိုသာ ပြည်သူ သိအောင် ချပြစရာလိုအပ်ပြီး အသေးစိတ် ဘာတွေ ဘယ်လို သုံးစွဲတယ် ဆိုတာ ထုတ်ဖော် ပြောစရာ မလိုဘူး၊ အရာရာတိုင်းကို သာ ပြောဆိုနေရရင် အစိုးရ အလုပ်ဖြစ်မှာ မဟုတ်ဘူး လို့လည်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။