သင်္ကြန်မှာ ပဋိပက္ခဖြစ်တဲ့ ရခိုင်နယ်ခြားစောင့် တပ်ဖွဲ့ ဝင်တွေကို အရေးယူမယ်

  • 17 ဧပြီ 2015
Image caption ဗုဒ္ဓဟူးနေ့က ပြောခဲ့ သလိုတော့ ဒေသခံ ရခိုင် လူမျိုး တွေကို တောင်းပန် စကား ပြောကြား ခဲ့ခြင်း မရှိ

သင်္ကြန် အကျ နေ့က အရပ်သား တွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့တဲ့ ရခိုင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တွေကို ဥပဒေနဲ့ အညီ တရားရုံး အထိ လွှဲပြောင်း တရား စွဲဆို သွားမှာ ဖြစ်ကြောင်း ရခိုင် နယ်ခြား စောင့်တပ်ဖွဲ့ ကွပ်ကဲ ရေးမှူးက ပြောကြား လိုက်ပါတယ်။

မောင်တောမှာ နှစ်ဆန်း တရက်နေ့ သောကြာ နေ့က ပြုလုပ်တဲ့ သက်ကြီး ပူဇော်ပွဲမှာ အမှတ် ၁ နယ်ခြားစောင့် တပ်ဖွဲ့ ကွပ်ကဲ ရေးမှူး ရဲမှူးချုပ် တင်ကိုကိုက အခုလို ကတိပြု ပြောကြား သွားခဲ့ တာပါ။

ဒါပေမယ့် ရဲတပ်ဖွဲ့က ကျူးလွန် ခဲ့တဲ့ တာတွေ အတွက် တောင်းပန် မယ်လို့ ဗုဒ္ဓဟူး နေ့က ရပ်ဖိရပ်ဖ တွေကို ပြောခဲ့ သလိုတော့ ဒေသခံ ရခိုင် လူမျိုး တွေကို တောင်းပန် စကား ပြောကြား သွားခြင်းတော့ မရှိပါ။

အဲဒီ သက်ကြီး ပူဇော်ပွဲကို ရခိုင် ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အပါအဝင် ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး တွေလည်း တက်ရောက် ခဲ့ကြ ပါတယ်။

အဲဒီဖြစ်ရပ်မှာ ပါဝင်တဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂၁ ဦးကို ဖမ်းဆီး ထားပြီ လို့ သိရ ပါတယ်။ တပ်ဖွဲ့ဝင် တချို့ရဲ့ ကျူးလွန်မှုတွေ နဲ့ ပတ်သက်ပြီး နယ်ခြား စောင့် တပ်ဖွဲ့ တခု လုံးအပေါ် အပြစ် မတင်ဖို့ကိုလည်း ရဲမှူးချုပ် တင်ကိုကိုက ပြောကြားပါတယ်။

အခုလို အရေး ယူမယ် ဆိုတဲ့ အပေါ် ကိုတော့ မြို့ခံ တွေက ကျေနပ်မှု ရှိတယ်လို့ ဒေသခံ ရပ်မိရပ်ဖ တဦး ပြောပါတယ်။

သင်္ကြန် အကျ နေ့တုန်းက မောင်တော မြို့ အဝင်မှာ မြို့ခံ လူငယ် တွေ နဲ့ အချင်း များခဲ့ ကြရာ ကနေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင်တွေ ဟာ မြို့ထဲ ကို ရောက် လာပြီး အရပ်သား တွေကို ရိုက်နှက် တာ၊ ကားတွေ ကို ဖျက်ဆီး တာ မျိုးတွေ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။