ရခိုင်အမျိုးသား ပါတီရဲ့ ဘေဂျင်းမြို့ ခရီးစဉ်

Image caption ရခိုင် အမျိုးသား ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် ဦးဆောင်ပြီး အဖွဲ့ဝင် ၄ဦး ဘေဂျင်းမြို့ကို သွားရောက်

ANPရခိုင် အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦးပါ ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ တရုတ်ပြည် ဘေဂျင်းမြို့ကို သွားရောက်ခဲ့ပြီး တရုတ်ပြည် ကွန်မြူနစ်ပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဧပြီလ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ သွားရောက်ခဲ့တဲ့ တရုတ်ပြည် ခရီးစဉ်အတွင်း ရခိုင်အမျိုးသားပါတီ ထိပ်တန်းခေါင်းဆောင် တွေဟာ ဘေဂျင်းမြို့မှာ တရုတ်ပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ ရခိုင်လူငယ်တွေကို တရုတ်ပြည် လေ့လာရေး ခရီး စေလွှတ်ရေးကိစ္စ၊ တရုတ်ပြည်က ဘေဂျင်း တက္ကသိုလ်တွေမှာ ရခိုင်လူငယ် scholarshipနဲ့ သင်တန်းတွေ ပို့လွှတ်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ရခိုင်ဟာ အရှေ့တောင် အာရှ ရဲ့ မဟာဗျူဟာမြောက်တဲ့ နယ်မြေ အဖြစ် တည်ရှိနေပြီး တရုတ်ပြည်ရဲ့ စွမ်းအင် လုံခြုံမှု အတွက်လည်း အရေးပါတဲ့ နေရာ ဖြစ်တဲ့ အတွက် ချစ်ကြည်ရင်းနှီးစွာ မဟာဗျုဟာမြောက် ဆက်ဆံရေးကို ရေရှည်သဘော ထူထောင် ဖို့ လိုအပ်ကြောင်း တရုတ် ကွန်မြူနစ် ပါတီကို သူတို့ဘက်က ပြောဆိုခဲ့ပြီး တစ်ဘက်ကလည်း သဘောတူကြောင်း တုန့်ပြန်ခဲ့တယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

တရုတ်ပြည် ခေါင်းဆောင်ပိုင်းက ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ဘယ်လို အပိုင်းတွေမှာ ဘာတွေ ပံ့ပိုးကူညီမလဲဆိုတာကို စူစမ်း လေ့လာဖို့ လပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်ကို လာရောက်မယ်လို့လည်း ဆိုပါတယ်။

တရုတ်ပြည် ခရီးစဉ် အတွင်း ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နဲ့ အတူ ဒုတိယ ဥက္ကဋ္ဌ ဦးဖိုးမင်း၊ အထွေထွေ အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးတို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။