အမြဲတမ်း အတွင်းဝန်တွေ စခန့်

  • 19 ဧပြီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အမြဲတမ်း အတွင်းဝန်တွေ မခန့်ဖို့ လွှတ်တော်မှာ ထောက်ပြခဲ့ပေမယ့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့

အစိုးရ ဝန်ကြီးဌာနတွေမှာ အမြဲတမ်း အတွင်းဝန်ရာထူး ထားရှိဖို့ ပြင်ဆင် နေရာမှာ အခု ဒီလထဲမှာပဲ ပထမသုတ် အနေနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီးပွား ကူးသန်း စတဲ့ ဝန်ကြီး ဌာန ၁၁ခုမှာ စတင် ခန့်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ ပါလီမန် ဒီမိုကရေစီခေတ် နောက်ပိုင်း ဒီရာထူး ကို ပထမဆုံးအကြိမ် ပြန်လည် ထားရှိတာလည်း ဖြစ်ပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ မူဝါဒပိုင်း ဆိုင်ရာ လမ်းညွှန်မှုတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအတွင်း အကောင်အထည် ဖော်တဲ့အခါ အဲဒီ့ အမြဲတမ်း အတွင်းဝန် တွေက သက်ဆိုင်ရာ ဌာနရဲ့ ယန္တရားကို စီမံခန့်ခွဲ ရမှာ ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် အဖြစ် ခန့်အပ် ခံရသူ ဦးတိုးအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

အမြဲတမ်း အတွင်းဝန် ရာထူး ခန့်အပ်ရေးနဲ့ ပတ်သက်လို့ လွွှတ်တော်မှာ ဆွေးနွေးစဉ်က အစိုးရအဖွဲ့မှာ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပေါများလွန်း နေတာကြောင့် ဝန်ကြီးဌာနတွေမှာ အတွင်းဝန်တွေ ထပ်ခန့်ဖို့ မလိုအပ်ဖူး ဆိုပြီး လွှတ်တော်အမတ် တချို့က ထောက်ပြခဲ့ပါတယ်။

ဒီလို တင်ပြ ဆွေးနွေးမူတွေ ရှိခဲ့ပေမဲ့လည်း ပြည်ထောင်စု လွှတ်တော်က အမြဲတမ်း အတွင်းဝန် ခန့်အပ်ရေးကို အတည်ပြု ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စလို့ ဝန်ကြီးဌာနတွေမှာ အမြဲတမ်း အတွင်းဝန် ခန့်အပ်ဖို့ ဝန်ကြီးဌာနတွေက သင့်တော်မယ့် လူတွေကို ရွေးချယ်ပြီး သင်တန်း ပေးခဲ့ပါတယ်။

အမြဲတမ်း အတွင်းဝန်တွေ အနေနဲ့ လက်ရှိ ညွှန်ကြားရေးမှူးချုပ်တွေ ရနေတဲ့ လစာထက် ကျပ်၂ သိန်း ပိုပြီး တစ်လကို ၇သိန်း ရမယ်လို့ သိရပါတယ်။