ဘန်ဒေါင်း ညီလာခံ နှစ် ၆ဝ ပြည့် ကျင်းပ

  • 19 ဧပြီ 2015
ndonesia ဓာတ်ပုံ မူပိုင် AP
Image caption နှစ် ၆ဝ ပြည့် ညီလာခံ အထိမ်းအမှတ် တွေ့ဆုံပွဲ တွေ စတင်

လွန် ခဲ့တဲ့ နှစ်ပေါင်း ၆ဝ က မြန်မာနဲ့ အာရှ အာဖရိက နိုင်ငံ ခေါင်းဆောင် တွေ အင်ဒိုနီးရှား မှာ ဘန်ဒေါင်း ညီလာခံ ကြီး စတင် ကျင်းပ ခဲ့ပါတယ်။

နှစ် ၆ဝ ပြည့် ညီလာခံ အထိမ်းအမှတ် တွေ့ဆုံပွဲ တွေကို အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ နဲ့ ဘန်ဒေါင်း မြို့တွေ မှာ ဧပြီလ ၂၄ ရက်နေ့ ထိ ကျင်းပ သွားဖို့ ရှိပါတယ်။

ဒီ အခမ်းအနား တွေ ကို မူလ ဘန်ဒေါင်း ညီလာခံ ကို ကမကထ ပြု ကျင်းပ ခဲ့တဲ့ မြန်မာ နိုင်ငံ က သမ္မတ ဦးသိန်းစိန် နဲ့ အခြား ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင် တွေ တက်ရောက်မယ် လို့ သိရပါတယ်။

ဒီဘန်ဒေါင်း ညီလာခံ ဟာ မြန်မာ နိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေး မှာ အရေးကြီး ခဲ့တယ်လို့ အငြိမ်းစား ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ် ကြီးနဲ့ နိုင်ငံခြားရေး ဌာန ညွှန်ကြားရေးမှူး ချုပ်ဟောင်း ဦးအောင်သန့် က ပြော ပါတယ်။

ပြည်တွင်း သောင်းကျန်းမှု ရန်က ရုန်းထွက် လာခဲ့ရတဲ့ မြန်မာ နိုင်ငံ အတွက် ဒီညီလာခံကို ကြီးမှူး ကျင်းပခဲ့ ရတာက ဂုဏ်သိက္ခာ တက်ခဲ့ရတယ် လို့ သူက ရှင်းပြ ပါတယ်။

ဒီညီလာခံမှာ တရုတ် နိုင်ငံ ပါဝင်ဖို့ ကွန်မြူနစ် မဟုတ်တဲ့ နိုင်ငံ တွေကို တိုက်တွန်းရာမှာ မြန်မာက ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြား ဆက်ဆံရေး မှာ မြန်မာ နိုင်ငံရဲ့ တည်ကြည် ခိုင်မာတဲ့ အနေအထား ကြောင့် အမေရိကန်နဲ့ အနောက် အုပ်စုရော ကွန်မြူနစ် နိုင်ငံတွေပါ လေးစား ခဲ့ရတယ် လို့ သိရပါတယ်။

ဒီညီလာခံ နောက်ပိုင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူ ၅ ချက်ကို ကမ္ဘာ့ နိုင်ငံတွေက လက်ခံ လာပြီး ဘက်မလိုက် နိုင်ငံများ အုပ်စု ပေါ်ထွက် လာခဲ့ပါတယ်။

အခုလို နိုင်ငံတကာမှာ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲ လှုပ်ရှား နေချိန်မှာ ဘန်ဒေါင်းမူ တွေနဲ့ ဆက်လက် ရပ်တည် နေသင့်ပြီး ဒီအပြောင်းအလဲ တွေကို ကိုင်တွယ်ဖို့ ပို လိမ္မာ ပါးနပ်ဖို့ လိုတယ် လို့လည်း ဦးအောင်သန့် က ပြောပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ ဘန်ဒေါင်းလို နိုင်ငံတကာ မှာ ခေါင်းဆောင် နိုင်တဲ့ အနေအထား ပြန်ရဖို့ ပြည်တွင်း စည်းလုံး ညီညွတ်မှုကို ဒီမိုကရေစီ အခွင့်အရေး တွေနဲ့ အတူ အရင် ထူထောင် သွားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။