သံတွဲမှာ ဒေသခံ တွေနဲ့ ရွှေ့ပြောင်း ရေလုပ်သားတွေ ခိုက်ရန် ဖြစ်ပွား

  • 19 ဧပြီ 2015
_rakhine_fishing_boat ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည်နယ်တွင်းက ငါးဖမ်းလှေများ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ တနင်္ဂနွေနေ့ နံနက်က ရခိုင်ပြည်နယ် အတွင်းက ရွှေ့ပြောင်း အခြေချနေထိုင်သူတွေနဲ့ ဒေသခံတွေ အကြား တုတ်တွေ၊ ခဲတွေနဲ့ တိုက်ခိုက်မှု ဖြစ်ပွားရာကနေ လူ ၃ ဦးဒဏ်ရာ ရရှိပြီး တစ်ဦးကိုတော့ ရဲက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

သံတွဲမြို့နယ် ဂျိတ္တော ကျေးရွာက ငါးဖမ်းဆိပ်မှာ ရခိုင်ပြည်နယ် ဒေသအသီးသီးက လာရောက်တဲ့ ရွှေ့ပြောင်း ရေလုပ်သားတွေအထဲက ခေါင်းဆောင် တစ်ဦးကို ရဲက ဖမ်းဆီးရာကနေ နောက်က လိုက်ပါသွားတဲ့ လူ ၁၅ ဦးခန့်ကို ဒေသခံ လူပေါင်း ၁၀၀ ခန့်က တုတ်တွေ ခဲတွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်တဲ့ အတွက် လူ သုံးဦး ဒဏ်ရာ ရရှိသွားပြီး သံတွဲဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ သိရပါတယ်။

အခု ဖြစ်ပွားခဲ့တဲ့ ဂျိတ္တော ငါးဖမ်းဆိပ်မှာ ရခိုင်ပြည်နယ် နေရာ အနှံ့အပြားက ရွှေ့ပြောင်းလာတဲ့ ရေလုပ်သား မိသားစု တစ်ထောင်ကျော်ခန့်ရှိပြီး၊ ရောက်ရှိလာတာ တချို့က လေးငါးနှစ်ခန့်ရှိနေပြီး တချို့ဆိုရင် ဂီရိမုန်တိုင်းဖြစ်ပြီး များမကြာခင် နှစ်တွေက ရောက်ရှိလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် သံတွဲဒေသမှာ မြေဈေးတွေ အရမ်းကြီးနေတဲ့ အတွက် အိမ်တစ်နေရာစာ မြေရဖို့ မလွယ်တာကြောင့် အိမ်မြေတွေ သတ်မှတ်ပေးဖို့ လွန်ခဲ့တဲ့ နှစ်အတွင်းမှာ ရွှေ့ပြောင်း အခြေချ ရေလုပ်သားတွေက အစိုးရကို ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့်လည်း သက်ဆိုင်ရာက တစ်စုံတစ်ရာ ဖြေရှင်းမပေးခဲ့ပါဘူး။ နောက်ပိုင်းမှာ သူတို့အတွက် ဝန်ထုတ် ဝန်ပိုးဖြစ်နေတဲ့ ဒေသခံတွေနဲ့ ရွှေ့ပြောင်း အခြေချ ရေလုပ်သားတွေ ကြားထဲမှာ မကျေလည်မှုတွေနဲ့ ပြသနာ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ ရွှေ့ပြောင်း ရေလုပ်သားထဲမှ ဦးကျော်သိန်းလှိုင် ဆိုသူက သင်္ကြန်အတွင်း အသံချဲ့စက်နဲ့ ဒေသအတွင်းက ဆရာတော်တွေကို မဖွယ်မရာ ပြောကြားတယ် ဆိုပြီး တိုင်ကြားတဲ့ အတွက် ရဲက ဦးကျော်သိန်းလှိုင်ကို ဖမ်းဆီးရာကနေ ပြသနာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ် ထားပါသလဲလို့ သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးကို မေးမြန်းတော့ မှုခင်းနဲ့ သက်ဆိုင်တဲ့ အတွက် ရဲတပ်ဖွဲ့ကိုသာ မေးမြန်းပါဆိုပြီး ပြောကြားပါတယ်။

အခု ပြသနာအပေါ် သက်ဆိုင်ရာ ရခိုင်ပြည်နယ် အစိုးရက စနစ် တကျ ကိုင်တွယ် မဖြေရှင်းရင် ဒေသခံတွေနဲ့ ရွှေ့ပြောင်း ရေလုပ်သားတွေ အကြား ပြသနာ ပိုမို ကြီးထွားလာနိုင်တဲ့ အတွက် စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။