လုံခြုံရေး ခြိမ်းခြောက်မှုကြောင့် ဒုက္ခသည်တွေကို မလေးရှား ထပ်လက်မခံလို

  • 20 ဧပြီ 2015
Rohingya ဓာတ်ပုံ မူပိုင် AP
Image caption မလေးရှားကို ရေကြောင်းက ထွက်ပြေးကြတဲ့ ရိုဟင်ဂျာများ

မလေးရှား နိုင်ငံမှာ ပြည်ပက ခိုလှုံသူတွေ အထူးသဖြင့် မြန်မာ နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ လုံခြုံရေး အရ ခြိမ်းခြောက်မှု ဖြစ်နေလို့ ဆက်လက် လက်ခံထားဖို့ မဖြစ်နိုင်တော့ဘူးလို့ မလေးရှား ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒါတု ဆရီ ရှာဟီဒန် ကပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ဒီလူတွေကို တာဝန်ယူပြီး တတိယ နိုင်ငံတွေကို ပို့ဆောင်တာကို အရှိန်မြှင့်ပေးပါလို့ ဝန်ကြီး ဒါတု ဆရီ ရှာဟီဒန် က ဆန်းဒေလီ သတင်းစာ ကို ပြောပါတယ်။

မလေးရှား နိုင်ငံမှာ ဒီဒုက္ခသည်တွေကို စာသင်ကြားခွင့်နဲ့ တခြား လူမှု ကူညီရေး အထောက် အပံ့တွေကို ချပေးမယ် ဆိုရင် တတိုင်းပြည်လုံး ဒီဒုက္ခသည်တွေနဲ့ ပြည့်သွား လိမ့်မယ်လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။

မလေးရှား အတိုက်အခံ လွှတ်တော် အမတ် Teresa Kok Suh Sim ကတော့ မလေးရှား အစိုးရ အနေနဲ့ ဒီရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံ လာတာ အတော်ကြာခဲ့ပြီ ဖြစ်ပြီး တချို့ ဆိုမလေးရှားမှာ ဆယ်စုနှစ်တွေနဲ့ ချီနေခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

အခု မြန်မာနိုင်ငံ အခြေအနေက ပိုကောင်းလာတာမို့ နောက်ထပ် ဒုက္ခသည် သစ်တွေကို လက်ခံတာ မရှိတော့ဘူးလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင် အနှစ် ၂ဝ- ၃ဝ ကထက်စာရင် အခြေအနေ ပြောင်းလဲ လာပေမဲ့ မြန်မာ ပြည်က လူတွေဟာ မလေးရှားလို အိမ်နီးချင်း နိုင်ငံတွေကို အထောက်အထား စာရွက်မပါဘဲ ရွှေ့ပြောင်းဝင်လာနေကြတာတွေ ရှိနေသေးတယ်လို့ မစ္စ Teresa Sim က ဆိုပါတယ်။

ဒီဒုက္ခသည်တွေက မလေးရှားမှာ ဘယ်လောက် လုံခြုံရေး အရ စိုးရိမ်စရာ ဖြစ်နေတာလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ရွှေ့ပြောင်း ဝင်လာသူတွေ ကြားမှာ အသေး အဖွဲ ခိုက်ရန် ဖြစ်ပွားတာ၊ ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိတယ်လို့ သိရကြောင်းနဲ့ ဒါတွေက ဒုက္ခသည်တွေ လုပ်တာချည်း သက်သက်တော့ မဟုတ်ပါဘူးလို့ သူက ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ်ရုံး ဝန်ကြီး ပြောကြားချက်ဟာ လူ့အခွင့်အရေးကို မလေးစားရာကျတဲ့ ပြောဆိုမှု ဖြစ်တယ်လို့လည်း သူက ဝေဖန် ပြောကြား ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ လုပ်တဲ့အထိ အခြေအနေတွေ ကောင်းလာပြီ ဆိုရင် ဒီလူတွေကို နေရပ် ပြန်နိုင်အောင် ဖန်တီးပေးရမယ်၊ ဒါကို နိုင်ငံခြားရေး ဘက်က ညှိနှိုင်း ဆောင်ရွက်သင့်တယ်၊ ဒါမှမဟုတ်ရင် ဒီလူတွေကို မလေးရှားမှာ အမြဲတမ်း နေထိုင်ခွင့် ပေးသင့်တယ်လို့ မစ္စ Teresa Sim က ပြောပါတယ်။

ဒီနှစ် မလေးရှားက အာဆီယံမှာ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လို့ ဒေသတွင်း ထိပ်သီး အစည်းအဝေးတွေမှာ ဒီကိစ္စကို ပြေလည် အောင် ဖြေရှင်းသင့်တယ်လို့ မလေးရှား လွှတ်တော် အမတ် Teresa Sim က သုံးသပ် ပြော ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ