ဥရုချောင်း ပြန်ဆယ်ဖို့ လုပ်ငန်း နှောင့်နှေး

Image caption ကျောက်စိမ်းတူးရာက မြေစာတွေ အနယ်ထိုင်ပြီး ဥရုချောင်း တိမ်ကောခဲ့ရ

ဖါးကန့်မြိုနယ်မှာ ကျောက်စိမ်းတူးရာက မြေစာတွေ အနယ်ထိုင်ပြီး တိမ်ကောသွားတဲ့ ဥရုချောင်း ဆယ်ယူရေးတွေ လုပ်ဆောင် နေပေမယ့် ဥရုချောင်း ပြန်လည် ကောင်းမွန် လာဖို့က အလှမ်းဝေး နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုယ်ကျိုး စီးပွားတွေ ပါဝင်နေတဲ့အတွက် ဥရုချောင်း ပြန်ဖေါ်ရေး မအောင်မမြင် ဖြစ်နေတာလို့ ဆိုပါတယ်။

ဥရုချောင်း ဘေး ပတ်ဝန်းကျင်မှာရော ဥရုချောင်းထဲမှာပါ ကျောက်စိမ်းနဲ့ ရွှေထွက်တဲ့အတွက် အဲဒီဒေသ တဝိုက်မှာ ကျောက်စိမ်း တူးရာကနေ မြေစာတွေ ရေထဲ မျောပါပြီး ချောင်းက တိမ်ကောသွားတာဖြစ်ပါတယ်။

ဥရုချောင်း ရေစီးရေလာ မကောင်းတဲ့ အတွက် ဖါးကန့်မြို့နယ် အတွင်းမှာ ရေကြီးမှုတွေ နှစ်စဉ် ဖြစ်လေ့ ရှိပါတယ်။

ဥရုချောင်း ဆယ်ယူရေးအတွက် ပြည်ထောင်စု သတ္တုတွင်းဝန်ကြီးဌာက ကုမ္ပဏီတွေကို တာဝန်ပေး လုပ်ကိုင်ခိုင်းပေမယ့် ချောင်းအတွင်းက ကျောက်စိမ်း တူးဖေါ်ရေးကိုပဲ ဦးစားပေး လုပ်နေတဲ့အတွက် ချောင်းဖေါ်ရေး ကြန့်ကြာနေရတာ ဖြစ်တယ်လို့ ဥရုချောင်း ပြန်လည် ဖေါ်ရေးကိစ္စအတွက် တဖက်တလမ်းက တိုက်တွန်း လုပ်ဆောင်နေသူ ဒေါ်ဘောက်ဂျာက ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စကို ပြည်ထောင်စု သတ္တုတွင်း ဝန်ကြီးဌာနက တိုက်ရိုက် လုပ်ဆောင်နေတာ ဖြစ်ကြောင်း၊ ဥရုချောင်းက ကျောက်စိမ်း ထွက်တာကြောင့်ကုမ္ပဏီတွေက သူတို့တူးချင်တဲ့ နေရာကိုသာ ယူပြီး တူးတာမျိုး ရှိနေကြောင်းနဲ့ နိုင်ငံတော်က ငွေကြေးအလုံးအရင်းနဲ့ လုပ်မှသာ မြန်မြန်ပြီးမှာ ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။