ဒေါ်ခင်ဝင်းသေဆုံးမှုကို လူသတ်မှုအဖြစ် ရဲက အမှုဖွင့်

ဓာတ်ပုံ မူပိုင် Han Win Aung FB
Image caption ဒေသခံတွေနဲ့ ရဲတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုအတွင်း ရဲတပ်ဖွဲ့က ပစ်ခဲ့တဲ့ သေနတ်ဒဏ်ရာနဲ့ ဒေါ်ခင်ဝင်း သေဆုံးခဲ့

၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့တုန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြသူ ဒေသခံတွေနဲ့ ရဲတွေအကြား ပဋိပက္ခအတွင်း ရဲရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်းရဲ့ အမှုကို သေမှု သေခင်း ကနေ လူသတ်မှုအဖြစ် ဆားလင်းကြီး မြို့နယ် ရဲစခန်းက ပြင်ဆင် အမှုဖွင့်လိုက်ပါတယ်။

အရင်က ကာယကံရှင် မိသားစုဘက်က အမှုဖွင့်ဖို့ ကြိုးစားတုန်းကတော့ အမှုကို လက်မခံခဲ့ပဲ ဆိုင်းငံ့ ဆိုပြီး အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းက ဘယ်သူ့ကို တရားခံအဖြစ် စွပ်စွဲပြီး တရားစွဲထားသလဲ ဆိုတာ အသေအချာ မသိရသေးပေမယ့် အခုလို လူသတ်မှုအဖြစ် ပြင်ဆင် အမှုဖွင့်လိုက်တာအပေါ် ကြိုဆိုတယ်လို့ ကာယကံရှင် မိသားစုရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ဘီဘီစီကို ပြောပါတယ်။

လုပ်ထုံးလုပ်နည်းအရ အစိုးရက တရားလို လုပ်ပြီး ဒီအမှုကို လူသတ်မှုအဖြစ် အမှုဖွင့်လိုက်တာမို့ ကာယကံရှင် မိသားစုဘက်က ရှေ့နေတွေအနေနဲ့ နောက်ထပ် အမှု မဖွင့်တော့ပဲ အစိုးရရဲ့ ဆောင်ရွက်မှုအောက်မှာ တရားလို အကျိုးဆောင်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။