ရိုဟင်ဂျာ အရေး ဖြေရှင်းဖို့ အာဆီယံကို တောင်းဆို

  • 22 ဧပြီ 2015
ဓာတ်ပုံ မူပိုင် santiago fb
Image caption APHR ဥက္ကဌ ဖြစ်သူ မလေးရှား ပါလီ မန်အမတ် ချားစ် ဆန်တီရေဂို

လူ့ အခွင့် အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR ကနေ မြန်မာ နိုင်ငံက ရိုဟင်ဂျာ အကျပ် အတည်းနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင် တွေ အနေနဲ့ ကိုင်တွယ် ဖြေရှင်း ပေးဖို့ကို အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်ခင် ကြာသပတေး နေ့မှာ ကြေညာချက်ထုတ် တောင်းဆိုလိုက် ပါတယ်။

နောက်ပြီး မြန်မာ နိုင်ငံမှာ ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု အန္တရာယ် တိုးပွား လာနေ တယ်လို့လည်း APHR က ဖေါ်ပြထားတော့ ဘာကြောင့် အခုလို ပြောနိုင် တာလဲ ဆိုတာက စလို့ APHR ဥက္ကဌ ဖြစ်သူ မလေးရှား ပါလီမန် အမတ် ချားစ် ဆန်တီရေဂို ကို ဆက်သွယ်မေး ထားပါတယ်။

ဖြေ။ ကျွန်တော်တို့ဟာ မကြာခင်ကပဲ မြန်မာပြည်ကို ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်ခဲ့ ပါတယ်။ အဲဒီက အစိုးရ မဟုတ်တဲ့ လူမှု အဖွဲ့ အစည်းတွေနဲ့ သက်ဆိုင် ရာ အဖွဲ့ အစည်း အသီးသီးက ကိုယ်စားလှယ် တွေကို တွေ့ဆုံခဲ့ ပါတယ်။ မွတ်ဆလင်တွေနဲ့ ရိုဟင်ဂျာတွေကို ဦးတည် ပစ်မှတ် ထားပြီး တိုက်ခိုက် တာတွေ ရှိနေတယ် ဆိုတာ တွေ့ရပါတယ်။ မြန်မာ နိုင်ငံ အနောက်ပိုင်းတင် မဟုတ်ပဲ မန္တလေးလို အလယ်ပိုင်း ဒေသတွေ မှာပါ အဲဒီလို ပုံစံတွေ ရှိနေတာက စိုးရိမ်စရာပါ။ နောက်ပြီး အခုဆိုရင် ရွေးကောက်ပွဲလည်း နီးလာတော့ စစ်တပ်နဲ့ အာဏာရ ပါတီက သူတို့ကို ထောက်ခံမှု များများ ရအောင် မွတ်ဆလင် ရိုဟင်ဂျာတွေ အပါ အဝင် တချို့ လူနည်းစုတွေကို အကြမ်းဖက် မှုတွေ လုပ်မှာ စိုးရိမ်ရ ပါတယ်။

မေး။ အခု မွတ်ဆလင်နဲ့ ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှာ စိုးရိမ်တယ်လို့ ပြောပေမယ့် အခြေ အနေက အရင်နဲ့ စာရင် လျော့သွားတယ်၊ နည်းနည်း အေးသွား တယ်လို့ မပြောနိုင် ဘူးလား ခင်ဗျာ။

ဖြေ။ ဒီပြဿနာက လျော့သွားတယ် ဆိုတဲ့ အထောက် အထား မရှိပါဘူး။ ပိုကြီးလာတဲ့ အထောက် အထားပဲ ရှိပါတယ်။ ဥပမာ မြန်မာပြည် အနောက်ပိုင်း ကနေ ထွက်ပြေးလာ သူတွေ၊ ဒုက္ခသည် တွေက လျော့နည်း သွားတာ မရှိပါဘူး။ ပိုတိုး လာတာပဲ တွေ့ရပါတယ်။ အမျိုး သမီးတွေ အပါ အဝင် ထွက်ပြေး လာသူ တွေဟာ လူကုန်ကူး တာလဲ ခံရပါတယ်။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား ဘက်ကို ထွက်ပြေး လာသူတွေ အမြဲတမ်း ရှိနေ ပါတယ်။ ဒါက ပြဿနာ ပိုတိုး လာနေ တာကို ပြတာပါ။ ဒေသတွင်း အတွက်ပါ ဒါက ပြဿနာကြီး တစ်ရပ် ဖြစ်နေ ပါတယ်။

မေး။ အခု APHR အဖွဲ့ အနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ မြန်မာ အစိုးရကို တောင်းဆို တိုက်တွန်း ထားတော့ သူတို့ အနေနဲ့ ဘယ်လို လုပ်ဆောင် နိုင်မယ်လို့ မြင်ပါလဲ။

ဖြေ။ ပထမဆုံး ကတော့ မြန်မာ အစိုးရ အနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသား ဖြစ်ခွင့် အခွင့် အရေး ပေးရပါမယ်။ နောက်တစ်ခု ကတော့ အဲဒီမှာ လွတ်လွတ် လပ်လပ် နေထိုင် စားသောက်ခွင့် ရှိရ ပါမယ်။ ရိုဟင်ဂျာ ဖြစ်တာနဲ့တင် ခွဲခြား ဆက်ဆံ ခံရတာမျိုး၊ လူမျိုး နဲ့ ကိုးကွယ်ယုံကြည်မှုက ကိုယ်နဲ့ မတူတာ နဲ့တင် အစော်ကား ခံရတာမျိုး မဖြစ်သင့်ပါဘူး။ ဒါတွေကို အရေးယူ ဆောင်ရွက်ဖို့ လုပ်ရ ပါမယ်။

မေး။ APHR ရဲ့ အစီရင်ခံစာ ထဲမှာ မြန်မာပြည်က အခြေ အနေ တွေကို လွတ်လပ်စွာ စုံစမ်း စစ်ဆေးပြီး ဖြေရှင်းဖို့ ပြောထားပေမယ့် တကယ်တော့ အာဆီယံ ထဲမှာလည်း လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး စံနှုန်းတွေက မတူကြတဲ့ အပြင် တကယ်တမ်း လုပ်ဆောင် လာမယ်လို့ ရော မျှော်လင့် နိုင်ပါ့ မလား ခင်ဗျ။

ဖြေ။ အာဆီယံ အနေနဲ့ ဒီပြဿနာကို သတိထားမိဖို့ လိုလာပါပြီ။ ဒီပြဿနာက လူသန်းနဲ့ချီ ပါဝင် နေတဲ့ ပြဿနာကြီးပါ။ ဆက်ရွှေ့ ထားလို့ မဖြစ်ပါဘူး။ အာဆီယံက အခု စီးပွားရေးကို အာရုံစိုက် နေပြီး မြန်မာပြည် ထဲလည်း ရင်းနှီး မြှုပ်နှံဖို့ ပြောနေကြ ပါတယ်။ စီးပွားရေး ကိစ္စကို အကြောင်း ပြပြီး လူ့ အခွင့် အရေးကို နောက်ချန် ခဲ့လို့ မရပါဘူး။ မြန်မာ အစိုးရ ဘက်ကလည်း ဒီပြဿနာကို သူတို့ ဘယ်လို ဖြေရှင်းမယ် ဆိုတာ ရှင်းရှင်း လင်းလင်း ထုတ်ဖော် ပြောဆိုရ ပါမယ်။