မြန်မာမှာ ဂျပန်ဘဏ် လာဖွင့်

  • 22 ဧပြီ 2015
Mitsubishi bank opens in Burma ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ နိုင်ငံမှာ ဒုတိယမြောက် နိုင်ငံခြားဘဏ် ဖွင့်လှစ်

ဂျပန်နိုင်ငံက Tokyo Mitsubishi UFJ (BTMU) ဘဏ်က ဧပြီလ ၂၂ ရက်နေ့က မြန်မာ နိုင်ငံမှာ တရားဝင် ရုံးခွဲ ဖွင့်လှစ်ခဲ့ပါတယ်။

ဒီနိုင်ငံခြားဘဏ်ဟာ ပြည်တွင်း စီဘီဘဏ် ကနေ တဆင့် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရမှာ ဖြစ်ပြီး ပြည်တွင်း အသေးစား ငွေချေးဘဏ်နဲ့လည်း MOU လက်မှတ် ရေးထိုးထားပါတယ်။

BTMU က အမှုဆောင် အရာရှိချုပ် Mr.Go Watanabe ကတော့ ဘဏ်ရုံးခွဲ အတွက် အနည်းဆုံး မတည်ငွေ အမေရိကန်ဒေါ်လာ သန်း (၇၀) ရှိရမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်ထားပေမဲ့ BTMU ဘဏ်က ဒေါ်လာသန်း ၁၀၀ မတည်ငွေ နဲ့ ဘဏ်လုပ်ငန်းတွေကို စတင် လုပ်ကိုင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူက ရေရှည်မှာ လုပ်ငန်းတွေ တိုးချဲ့ဖို့ ရှိကြောင်းနဲ့ လုပ်ငန်း စလုပ်တဲ့ တစ်နှစ် အတွင်း သူတို့ဘဏ်မှာ ဘဏ်စာရင်း ဖွင့်သူ ၁၅၀ လောက် ရဖို့ မျှော်မှန်း ထားပါတယ်လို့ လည်း ပြောပါတယ်။

အရင် မဆလ အစိုးရ နဲ့ စစ်အစိုးရ အုပ်ချုပ်မှု ကာလတွေ တုန်းက နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ ဖွင့်ခွင့်ပေးတာ မရှိခဲ့ပါဘူး။

ဘဏ်လုပ်ငန်း လုပ်ကိုင်ဖို့ ကနဦး ခွင့်ပြုချက် ရထားတဲ့ နိုင်ငံခြားဘဏ် ၉ ခုမှာ BTMU အပါအဝင် ဘဏ်သုံးခုက လုပ်ကိုင်ခွင့် လိုင်စင်တွေ ရထားပြီး ကျန်တဲ့ ဘဏ် ၆ ခုကတော့ လိုင်စင်ရဖို့ နောက်ဆုံး လျှောက်လွှာတွေ တင်နေတုန်းလို့ သိရပါတယ်။

ပြည်ပ ဘဏ်တွေ ဖွင့်ခွင့် ပေးတဲ့အတွက် ပြည်တွင်း ပုဂလိက ဘဏ်လုပ်ငန်း စနစ်ကို ထိခိုက်လာနိုင်တယ်လို့ ဝေဖန်မှု တွေလည်း ရှိနေပါတယ်။

စီးပွားရေးနဲ့ ကူးသန်း ရောင်ဝယ်ရေး ဝန်ကြီးဌာနရဲ့ စီးပွားရေးအကြံပေး ပုဂ္ဂိုလ် ဒေါက်တာမောင်အောင် က အခုလို ပြည်ပ ဘဏ်တွေ ကို လုပ်ခွင့်ပေးတာ ကောင်းတယ်၊ ဒါပေမဲ့ ရေရှည်မှာ ပြည်ပက လာဖွင့်တဲ့ ဘဏ်တွေ လုပ်ပိုင်ခွင့် သိပ်များ သွားရင် သူတို့နဲ့ ဖက်စပ် လုပ်ကြသူ တွေသာ အကျိုးများပြီး မလုပ်နိုင်တဲ့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်ငယ်တွေ ထိခိုက်မှာကိုတော့ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ