၆ပွင့်ဆိုင်အပေါ် အယုံအကြည် မရှိဘူးလို့ NBF ပြော

ဓာတ်ပုံ မူပိုင် AP
Image caption ၆ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ မပါတဲ့အတွက် အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲလို့ မဆိုနိုင်ကြောင်း NBF ပြော

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ရေး ရည်ရွယ် ကျင်းပနေတဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုမှုနဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ တွေ့နေရပါတယ်။

၆ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ပါဝင် ဆွေးနွေးနေတဲ့ ဒေါက်တာ အေးမောင်ဟာ တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၁ပါတီနဲ့ ဖွဲ့စည်းထားတဲ့ NBF ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှာ အဖွဲ့ဝင် တဦး ဖြစ်ပေမယ့် တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၁ပါတီကို ကိုယ်စားမပြုဘူးလို့ NBFက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒါပေမယ့်လည်း ၆ပွင့်ဆိုင် ဆွေးနွေးပွဲအတွက် လွှတ်တော်တွင်း တိုင်းရင်းသားပါတီတွေက ဒေါက်တာ အေးမောင်ကို ရွေးခဲ့တာကိုတော့ ကန့်ကွက်ဖို့ မရှိဘူးလို့ ဆိုပါတယ်။

လွှတ်တော်ထဲမှာ မပါတဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော် ရောက်နေတဲ့ ပါတီတွေထက် ပိုများလာနေကြကြောင်းနဲ့ လွှတ်တော်တွင်း တိုင်းရင်းသား ပါတီတွေကပဲ မဲခွဲ တင်မြှောက် ထားတဲ့ ဒေါက်တာ အေးမောင်ဟာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် လို့ မဆိုနိုင်ကြောင်း NBF စီမံခန့်ခွဲရေး ကော်မီတီဝင် ဦးစောသန်းမြင့် က ဘီဘီစီကို ပြောပါတယ်။

NBF အနေနဲ့ကတော့ တိုင်းရင်းသား ပါတီ ၁၂ခုစလုံးရဲ့ ဆန္ဒနဲ့အညီ တိုင်းရင်းသား ကိုယ်စားလှယ် တဦး ရွေးချယ်လိုတဲ့ ဆန္ဒ ရှိတယ်လို့ ပြောပြပါတယ်။

တခါ ခုလက်ရှိ လုပ်နေတဲ့ ၆ပွင့်ဆိုင် ၄ပွင့်ဆိုင် ဆွေးနွေးပွဲတွေဟာ ဟန်ပြသဘောလို့ မြင်ကြောင်းနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းရင်းသားအားလုံး သွားချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စု အခြေခံ ဥပဒေကို လက်ရှိ လွှတ်တော်ကလည်း ဆောင်ရွက်မပေးနိုင်သလို လက်ရှိ အစိုးရကလည်း လုပ်ပေးနိုင်မယ်လို့ မယုံကြည်ကြောင်း ဦးစောသန်းမြင့် က ပြောပါတယ်။

အခု ၆ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ မပါဝင်ကြောင်းနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကနေ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကနေသာ တိုင်းရင်းသားတွေ လိုချင်နေတဲ့ အခြေခံ ဥပဒေကို ရနိုင်မယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။