မေ​လ​ကုန်​မှာ အနိမ့်​ဆုံး​လုပ်​ခ​လ​စာ သတ်​မှတ်​မယ်

  • 25 ဧပြီ 2015
_master_sport_workers_ ဓာတ်ပုံ မူပိုင် AP
Image caption အနိမ့်ဆုံး လုပ်ခလစာ တိုးမြင့်ရေး အတွက် စက်မှုဇုံ က အလုပ်သမားတွေ သပိတ် ဆက်တိုက် ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ပုဂ္ဂလိက လုပ်ငန်း တွေ က အလုပ်သမား တွေ အတွက် အနိမ့်ဆုံး လုပ်စာ သတ်မှတ်ချက် ဟာ လာမယ့် မေလ အကုန် လောက် မှာ ထွက် လာတော့ မယ် ဆိုပြီး သက်ဆိုင်ရာ မြန်မာ အာဏာ ပိုင် တွေ ဘက်က ပြောပါ တယ်။

ဒီလို အနိမ့်ဆုံး လုပ်စာ သတ်မှတ် သတ်မှတ်ဖို့ ဥပဒေ ပြဌာန်း ပြီးတာ ၂ နှစ် ကျော် လာပြီ ဖြစ်ပေမယ့် ဘယ်လောက် ပမာဏ သတ်မှတ် ကြမလဲ ဆိုတာ နဲ့ ပတ်သက်ပြီး အလုပ်ရှင် နဲ့ အလုပ်သမား တွေ ကြား ညှိနှိုင်း မရ ဖြစ်နေ ခဲ့ကြကာ အလုပ်သမား သပိတ် တွေ လည်း ပေါ်ပေါက် ခဲ့ကြတာ ဖြစ်ပါတယ်။

လွှတ်တော် ၂ ရပ် ပေါင်း ရဲ့ အလှည့်ကျ နာယက ဖြစ်တဲ့ သူရဦးရွှေမန်း ကတော့ အနိမ့်ဆုံး လုပ်စာ သတ်မှတ်ချက် ကို အမြန်ဆုံး မသတ်မှတ် နိုင်ရင် ပြဿနာ တွေ ဖြစ်ဖို့ ဖန်တီး ပေးရာ ရောက်လိမ့် ဆိုပြီး ဧပြီလ ၂၄ ရက်နေ့ က လုပ်ခဲ့ တဲ့ အလုပ်သမား နဲ့ အလုပ်ရှင် တွေ အပါအဝင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ တွေ စုပေါင်း တွေ့ဆုံ ပွဲ မှာ ပြောခဲ့ပါတယ်။

အဲဒီ့ ပွဲ မှာပဲ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ရဲ့ ပြည်ထောင်စု အဆင့် ဒုတိယ ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က လည်း အနိမ့်ဆုံး လုပ်စာ ကို အာဏာပိုင် တွေ ဘက် က မေ လ အကုန် မှာ သတ်မှတ် ပေးမှာ ဖြစ်ပြီး ကန့်ကွက်မှု တွေ ပေါ်ပေါက် မလာဘူး ဆိုရင် ရက် ပေါင်း ၆၀ အတွင်း အတည် ဖြစ်သွားမယ် လို့ ပြောဆို ခဲ့ပါတယ်။

အနိမ့်ဆုံး လုပ်ခ လစာ အမြန်ဆုံး သတ်မှတ် နိုင်ရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန် ရှိသူတွေ နဲ့ အလုပ်ရှင်တွေ ဟာ ဧပြီ ၂၅ ရက် မှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပြီး၊ နောက်ရက် မှာ တော့ အလုပ်သမားတွေ က ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ