Daily Eleven သတင်းအပေါ် တပ်မတော်ရဲ့ ကန့်ကွက်မှုကို တုန့်ပြန်

Image caption Daily Eleven ရဲ့ သတင်းကြောင့် တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ဓါတ်ကို ထိခိုက်စေတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ကန့်ကွက်

ဧပြီလ ၂၅ရက်နေ့ထုတ် Daily Eleven နေ့စဉ် သတင်းစာပါ လောက်ကိုင် တိုက်ပွဲ သတင်းတပုဒ်နဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့ ကန့်ကွက်ချက်အပေါ် Daily Eleven က အချက် ၆ချက်နဲ့ ပြန်လည် ရှင်းလင်း တုန့်ပြန်လိုက်ပါတယ်။

Daily Eleven သတင်းစာပါ လောက်ကိုင် တိုက်ပွဲသတင်းထဲမှာ တပ်မတော် တပ်ရင်းတခု ကိုးကန့်အဖွဲ့ နယ်မြေအတွင်း ကျွံဝင်သွားပြီး ထိခိုက်သေဆုံးမှုတွေ များခဲ့တဲ့အကြောင်း အတည်မပြု နိုင်သေးတဲ့ သတင်းများ ထွက်ပေါ်နေ ဆိုပြီး ဖေါ်ပြထားကြောင်း၊ ဒီသတင်းဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့ မညီသလို တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်တွေရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ဓါတ်ကို ထိခိုက်စေကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ကန့်ကွက်စာ ထုတ်ပြန်ခဲ့တာပါ။

Daily Eleven သတင်းဌာန အယ်ဒီတာချုပ် ကိုဝေဖြိုးကတော့ ဒီသတင်းဟာ Zhengyi Kokang Facebook စာမျက်နှာပေါ်က ဖော်ပြထားချက်တွေကို Scan Shot လုပ်ပြီး ပြန်လည် ဖော်ပြတာသာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတကာ သတင်း မီဒီယာတွေမှာလည်း ကိုယ်တိုင် မရလိုက်တဲ့ ဓါတ်ပုံတွေ၊ အချက်အလက်တွေကို Scan Shot ဖေါ်ပြလေ့ ရှိကြောင်း၊ Daily Eleven အနေနဲ့ စာနယ်ဇင်း ကျင့်ဝတ်ကို ဖောက်ဖျက်တာမျိုး မရှိကြောင်း သူက ပြောပါတယ်။

Daily Eleven မှာ ဖေါ်ပြခဲ့တဲ့ Scan Shot ထဲမှာ ဖမ်းဆီး ခံထားရသူလို့ ယူဆရသူ ပုဂ္ဂိလ် နှစ်ဦးရဲ့ မျက်နှာကို ပုံဝါးတာမျိုး မလုပ်မိတဲ့ အတွက်တော့ သက်ဆိုင်ရာ မိသားစုကို တောင်းပန်ကြောင်းကို တုန့်ပြန်ချက်ထဲမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ အနေနဲ့ သတင်းအချက်အလက်တွေကို လူတွေကြားထဲ ရောက်အောင် လျင်လျင်မြန်မြန် ထုတ်ပြန်ပေးမယ် ဆိုရင်တော့ ဒီလို ဝိဝါဒ ကွဲမှုတွေ ပေါ်ပေါက်စရာ အကြောင်း မရှိဘူးလို့လည်း Daily Eleven သတင်းဌာန အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါတယ်။