စီးပွားတိုး​နှုန်း​မြင့်​ဖို့ မြန်မာ​မျှော်လင့်

  • 26 ဧပြီ 2015
_rangoon_port
Image caption ရင်းနှီး မြှုပ်နှံသူတွေဟာ နိုင်ငံရေးကို မကြည့်ပဲ အခွင့်အရေးကို ပိုဂရုစိုက်တာ ဖြစ်တယ်လို့ ဆို။

မြန်မာ နိုင်ငံ ရဲ့ အခု ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် မှာ စီးပွားရေး တိုးတက်မှုနှုန်း ၉.၃ % ရှိ ဖို့ အစိုးရ က မျှော်မှန်း ထားတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေး နှစ် မှာ ၈ % စီးပွား တိုးတက်နှုန်း ရှိခဲ့ တာထက် ဒီနှစ် မှာ တိုးတက် လာနိုင်တယ် လို့ အခုလို ခန့်မှန်းရတာ ဟာ FDI လို့ ခေါ်တဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု တွေ ပိုပြီး ဝင်ရောက် လာဖို့ ရှိတာ ကလည်း အကြောင်း တစ်ခု ဖြစ်တယ် ဆိုပြီး ရင်းနှီး မြုပ်နှံမှု နဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန က ညွှန်ကြား ရေးမှူး ချုပ် ဦးအောင်နိုင်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အောင်မြင် နိုင်မလား ဆိုတာ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ် လိုမျိုး မြန်မာ့ နိုင်ငံရေး အခြေအနေ တွေ ကို နိုင်ငံခြား လုပ်ငန်းရှင် တွေ က စောင့်ကြည့် ပြီးမှ မြန်မာ နိုင်ငံ ထဲ ကို ရင်းနှီး မြှုပ် နှံ မှု တွေ တကယ်တမ်း ပိုပြီး ဝင်ရောက် လာနိုင် မှာ ဖြစ်တယ် ဆိုတဲ့ သုံးသပ်ချက် တွေ လည်း ရှိနေ ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင် ရဲ့ အဖွဲ့ဝင် လည်း ဖြစ်တဲ့ ဦးအောင်နိုင်ဦး ကတော့ နိုင်ငံခြား က ရင်းနှီး မြှုပ်နှံသူ တွေ ဟာ မြန်မာ နိုင်ငံ မှာ ရရှိနိုင် တဲ့ စီးပွားရေး အခွင့်အလမ်း ပေါ် ပိုပြီး အာရုံစိုက် ဝင်ရောက် ကြတာ ဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နဲ့ ရွေးကောက်ပွဲ ဟာ FDI ဝင်ရောက် နေမှု အပေါ် ကြီးကြီးမားမား ရိုက်ခတ်မှု မရှိဘူး လို့ ဆိုပါတယ်။

မနှစ်က ဧပြီလ နဲ့ နှိုင်းယှဉ်မယ် ဆိုရင် ဒီနှစ် ဧပြီ လမှာ လာရောက် ရင်းနှီး မြှုပ်နှံ လိုသူ တွေ ရဲ့ လျှောက်ထား မှု ၃ ဆ မက တိုးမြင့် လက်ခံ ရရှိ ထားပြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေး၊ လျှပ်စစ် ဓာတ်အား အခန်းကဏ္ဍ နဲ့ တယ်လီ ကွန်မြူ နီကေးရှင်း တွေ မှာ ရင်းနှီးမြှုပ်နှံ မှု အများအပြား ဝင်ရောက် လာနိုင် တယ် လို့ လည်း ဦးအောင်နိုင်ဦး က ပြောပါတယ်။

အခု ဘဏ္ဍာရေးနှစ် မှာ FDI ဟာ လျာထားချက် အမေရိကန် ဒေါ်လာ သန်းခြောက်ထောင် ထက် လက်တွေ့ မှာ ပိုသွား နိုင်တယ် လို့ ဦးအောင်နိုင်ဦး က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ