ရိုဟင်ဂျာ အရေး အာဆီယံ ကိုင်တွယ်ပုံ အားနည်း

  • 27 ဧပြီ 2015
ASEAN Leaders ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုဟင်ဂျာ အရေးကို အာဆီယံ ခေါင်းဆောင် တွေ တာဝန်ယူဖြေရှင်း လိုစိတ် မရှိဘူးလို့ လူ့အခွင့် အရေး လှုပ်ရှားသူတွေပြော

တနင်္လာနေ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေ အရေးကို ဘေးထွက် ဆွေးနွေးပွဲတွေ မှာသာ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကိစ္စကို အာဆီယံ အစိုးရတွေ အနေနဲ့ သေသေချာချာ ကိုင်တွယ်ဖို့ လိုအပ်ပြီး ဒီအတိုင်းထားရင် ဒေသတွင်းမှာ ပြဿနာကြီးထွား လာနိုင်တယ် လို့ အာဆီယံ လူထုဖိုရမ် ကိုတက်ရောက် ခဲ့တဲ့ Women Peace Network (Arakn ) က ဒေါ်ဝေဝေနုက ဘီဘီစီကို ပြောပါတယ်။

ဒုက္ခသည်များ အရေးနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးရာမှာ ရိုဟင်ဂျာတွေ ဘာကြောင့် မြန်မာ နိုင်ငံကနေ စွန့်ခွာ ထွက်ပြေး နေကြသလဲ၊ အာရှ နိုင်ငံတွေမှာ ဘာကြောင့် ရိုဟင်ဂျာတွေ များပြား နေတာလဲ ဆိုတာ သူပါဝင် ဆွေးနွေး ခဲ့တယ်လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေရဲ့ ကိုင်တွယ်ပုံ အားနည်းတယ် လို့လည်း ဒေါ်ဝေဝေနုက ထောက်ပြ ပြောဆိုပါတယ်။

မနှစ်က မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံ လူထု ဖိုရမ် ဆွေးနွေးပွဲ မှာတော့ ရိုဟင်ဂျာ အရေး မဆွေးနွေးရဘူးလို့ ပိတ်ပင်ထားခဲ့တယ်၊ အခုနှစ်တော့ မလေးရှားနိုင်ငံမှာ ဆွေးနွေးခွင့် ရတာကြောင့် အရပ်ဖက် အဖွဲ့ အစည်းတွေက ဆွေးနွေးခဲ့ကြတယ် လို့လည်း သူက ပြောပါတယ်။

ရိုဟင်ဂျာ အရေးဟာ မြန်မာ နိုင်ငံမှာသာမက အိမ်နီးချင်း နိုင်ငံ တချို့ကိုပါ ရိုက်ခတ်နေရာမှာ လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးနဲ့ လူကုန်ကူးမှု ပြသနာတွေ ကြီးထွားလာတဲ့ အနေအထား ရောက်လာတယ်လို့ ဒေါ်ဝေဝေနုက ပြောပါတယ်။

အာဆီယံ ခေါင်းဆောင်တွေက လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စမှာ တာဝန်ယူ ဖြေရှင်းလိုစိတ် မရှိတာကို သူတပါး ပြည်တွင်းရေး ဝင်မစွက်ရေးဆိုတဲ့မူနဲ့ အကာအကွယ် ယူနေတာ ဖြစ်တယ်၊ ဒါကို အရင်ဆုံး ကိုင်တွယ် ဖြေရှင်းဖို့ လိုတယ်လို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ