ကချင် PCG နဲ့ အစိုးရ တွေ့ဆုံ

  • 27 ဧပြီ 2015
kachin
Image caption KIO ခေါင်းဆောင်တွေ နေပြည်တော်မှာ ဆွေးနွေးခဲ့

ပြီးခဲ့တဲ့ သီတင်းပတ် တွေ အတွင်း ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်း ဒေသ တွေ မှာ အစိုးရ တပ် နဲ့ ကေအိုင်အေ အကြား တိုက်ပွဲ တွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး မြစ်ကြီးနား အခြေစိုက် ကချင် ငြိမ်းချမ်း ရေး အကျိုးဆောင် အဖွဲ့ PCG နဲ့ အစိုးရ ကိုယ်စားလှယ် တွေ မြစ်ကြီးနား မှာ တနင်္လာ နေ့က ဆွေးနွေး ခဲ့ကြပါတယ်။

အခုလို အရေး တကြီး တွေ့ဆုံတာ ဟာ ပုံမှန် တလတကြိမ် တွေ့တာ အပြင် ဧပြီ ၁၈၊ ၁၉၊ ၂ဝ က အစိုးရနဲ့ ကေအိုင်အေ လက်အောက်ခံ တပ် တွေ ကြား ဖြစ်ပွားတဲ့ ကိစ္စ တွေ အတွက် ဆွေးနွေးခဲ့တာလို့ PCG က တာဝန်ရှိသူ ဦး လမိုင်ဂွမ်ဂျာ က ပြောပါတယ်။

တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ၊ ၁၄ တွေနဲ့ ကေအိုင်အေ ကြား နယ်နိမိတ် ချောင်း ဖြတ်သန်းမှု အငြင်းပွား ခဲ့လို့ ဒီကိစ္စ ပြေလည်အောင် အောက်ခြေ အထိ သွားရောက် ကြည့်ရှု ဖို့ ဒီအစည်းအဝေး က သဘောတူ ခဲ့ပါတယ်။

ဘယ်နေ့ သွားမယ် ဆိုတာ မဆုံးဖြတ် ရသေး ပေမယ့် တရက် ၂ ရက် အတွင်း ဖြစ်နိုင်တယ်လို့ ဦး လမိုင်ဂွမ်ဂျာ က ပြောပါတယ်။

၁၉၉ဝ ကျော်က အပစ်အခတ် ရပ်စဲတုန်းက နယ်နိမိတ် သတ်မှတ်ချက် ရှိခဲ့ပေမယ့် ၂ဝ၁၁ မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီး နောက် ဒီလို နယ်နိမိတ် အငြင်းပွား တဲ့ ပဋိပက္ခတွေ ၂ ဘက် လက်နက်ကိုင် တွေကြား မကြာခဏ ဖြစ်ခဲ့ဖူးတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ