လှိုင်သာယာ ဆန္ဒပြ အလုပ်သမား တွေကို တရားစွဲ

  • 28 ဧပြီ 2015
myanmar worker ဓာတ်ပုံ မူပိုင် AP
Image caption စက်မှု ဇုန် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့

လှိုင်သာယာ မြို့နယ် စက်မှုဇုန် (၂)၊ MIDAS Industry Co., Ltd. အထည်ချုပ် စက်ရုံ က ဆန္ဒထုတ် ဖော်ရာမှာ ဦးဆောင် ခဲ့တဲ့ အလုပ်သမား ၂၂ ဦး ကို လှိုင်သာယာ ရဲစခန်း မှာ စက်ရုံက အမှုဖွင့် ပြီး လာရောက် တိုင်ကြား ထားတယ် လို့ သိရ ပါတယ်။

MIDAS အထည်ချုပ် လုပ်သား တွေ ကို စက်ရုံ ပိုင်ရှင် ကိုရီးယား နိုင်ငံသား နဲ့ ပညာရှင် နှစ်ယောက် ကို စက်ရုံ ထဲမှာ ပိတ်ဆို့ ပြီး ဆန္ဒပြခဲ့ မှုနဲ့ အဲဒီစက်ရုံက ဧပြီ ၂၅ရက် နေ့က အမှု ဖွင့်လိုက်တာပါ ။

စက်ရုံ မန်နေဂျာ က ဆန္ဒပြသူ တွေကို ဦးဆောင်ခဲ့တဲ့ ၂၂ ယောက် ကို မတရား ပိတ်ဆို့ တားဆီးမှု ပုဒ်မ ၃၄၁ နဲ့ အမှုဖွင့် တိုင်ကြား ခဲ့တာ ဖြစ်ပါတယ်။

အမှုဖွင့်တာကို စစ်ဆေး တာသာ ရှိပြီး ဖမ်းဆီးမှု မရှိကြောင်း၊ ဒီပုဒ်မမျိုးက အာမခံ ပေးလို့ ရကြောင်း လှိုင်သာယာ မြို့နယ် ရဲမှူး ဦးသန်းမြင့်ဦး က ပြောပါတယ်။ လှိုင်သာ ယာ မြို့ နယ် စက်မှု ဇုန် အမှတ်၂ ထဲ မှာ ရှိတဲ့ ဒီစက်ရုံ ဟာ စက်ရုံက အော်ဒါ မရှိကြောင်း အကြောင်းပြချက် နဲ့ မကြာခဏ အလုပ်ပိတ် နားနေရ တာ ရှိပြီးတော့ ဒါကြောင့် စက်ရုံ အလုပ်သမား တွေက ဆန္ဒပြခဲ့ ကြ ပါတယ် ။

MIDAS အထည်ချုပ် စက်ရုံ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ က မဇင်မာဦး ကတော့ စက်ရုံ မန်နေဂျာ ရိုင်းပြမှု ကြောင့် အလုပ်သမား တွေက အလုပ်ထုတ်ခိုင်း ခဲ့ပေမယ့် ပိုင်ရှင်ဘက်က မဆွေးနွေးဘဲ သူ့သဘော နဲ့သူ စာထုတ်ခဲ့ တယ် လို့ ပြောပါတယ် ။

စက်ရုံဘက် ကို တော့ ဆက်သွယ် လို့ မရခဲ့ပါ ဘူး။

အထည်ချုပ် စက်ရုံ အတွင်း ပိတ်ဆို့ ဆန္ဒပြ မှုတွေ ဖြစ်ခဲ့ ပြီးနောက် ဧပြီလ ဆန်းက လုပ်ငန်းခွင် စည်းကမ်း ဖောက်ဖျက် တယ် ဆိုပြီး အလုပ်သမား ၄ဝ ခန့် ကို အလုပ် ထုတ်ပယ်ခဲ့ တာ ရှိပါတယ်။

အဲဒီလို လုပ် လို့ ဆိုပြီး အလုပ်သမား တွေ ဘက်က ဆန္ဒပြတယ် လို့ ပြောပါတယ်။

ဒီ တရားစွဲ ခံရတဲ့ အလုပ်သမား တွေ ထဲ စက်ရုံ မှာ အလုပ်သမား အများစု က ရွေးချယ် ထားတဲ့ အလုပ်သမား ကိုယ်စားလှယ် တွေ ပါဝင် နေပါတယ် ။

အလုပ်သမား တွေ ဘက်က တော့ စက်ရုံက အမှု ဖွင့်တာ ကို ရင်ဆိုင်ဖို့ ရှိပြီး တော့ စက်ရုံကို တရား ဥပဒေနဲ့ အညီ မဟုတ် ဘဲ ပိတ်လိုက်ဖွင့် လိုက် လုပ် နေတဲ့ အတွက် ပြန်လည် တရားစွဲ မယ် လို့လည်း ဘီဘီစီကို ပြော ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ