ဝ အပေါ် တရုတ် သြဇာ ရှိနေသလား

  • 28 ဧပြီ 2015
UWSA Soldiers
Image caption အခုအချိန် ဝနယ်မှာ တိုင်းရင်းသား ဆွေးနွေးပွဲ လုပ်တာ မေးစရာ ဖြစ်နေ

ပန်ဆန်း ဆွေးနွေးပွဲကို UWSA ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့ ထောက်ခံမှု၊ ဒါမှမဟုတ် ညွှန်ကြားမှုမျိုး မရဘဲ လုပ်မှာ မဟုတ်ဘူးလို့ မြန်မာ့ အရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဘာတေ လစ်တ်နာက ပြောပါတယ်။

၂ နှစ်လောက် ရှိပြီ ဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပစ်အခတ် ရပ်စဲရေးကို ပုံစံ တမျိုးမျိုးနဲ့ ရနိုင်အောင် နိုင်ငံခြားက ငြိမ်းချမ်းရေး အကျိုးဆောင်တွေကိုပါ ဖိတ်ပြီး လုပ်ဆောင်နေပေမဲ့ သိပ်မအောင်မြင်ဘူးလို့ သူက ပြောပါတယ်။

အစိုးရရဲ့ အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ တရုတ်က ပါဝင် တက်ရောက်တာတွေ ရှိသလို၊ ဝအဖွဲ့က လေ့လာသူ အနေနဲ့ပဲ တက်ခဲ့တယ်လို့ ဘာတေ လစ်တ်နာက ပြောပါတယ်။

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခကို ဖြေရှင်းရာမှာ သူတို့လည်း ဝင် ပါချင်တယ် ဆိုတဲ့ သဘော ရှိပြီး တခြား နိုင်ငံက အုပ်စုတွေ ဖြစ်ချင်တဲ့ ပုံစံမျိုး မဖြစ်အောင် လုပ်ချင်တယ် လို့လည်း သူက သုံးသပ် ပါတယ်။။

ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုမတ်လ က အာဏာရ ခဲ့ပြီး နောက်မှာ မြန်မာ နိုင်ငံ အတွင်း တိုက်ပွဲ တွေဟာ ၁၉၈၀ ခုနှစ်တွေ ကနဲ့ နှိုင်းယှဉ်ရင် သိပ်ကို ပြင်းထန်တာ တွေ့ရ တယ်လို့ သူက ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတာကို လုပ်နေတုန်း မှာပဲ အရင်က မကြုံဖူး လောက်အောင် ပြင်းထန်တဲ့ တိုက်ပွဲ မျိုးတွေ နယ်စပ်မှာ ဖြစ်ခဲ့တယ်၊ လေကြောင်းကတိုက်တာတွေ၊ Starlin's Organ လို့ခေါ်တဲ့ ဒုံးလောင်ချာတွေ၊ ဟောင်ဝစ်ဇာ အမြောက်ကြီး တွေ ကိုသုံးခဲ့ တာကြောင့် အဲဒီလို တိုက်နေတုန်း ဆွေးနွေးတာကို ငြိမ်းချမ်းရေး ဖြစ်စဉ်လို့ ခေါ်ရဖို့ ခက် တယ်လို့ သူက ပြောပါတယ်။

ကိုးကန့် တိုက်ပွဲမှာ မြန်မာ အစိုးရ ဘက်က အချုပ်အခြာ အာဏာကို ထိပါး တာလို့ ပြောခဲ့တာ နဲ့ ပတ်သက် လို့တော့ ကိုးကန့် တွေဟာ လူမျိုး အားဖြင့် တရုတ် ဖြစ်ပေမယ့် မြန်မာ နိုင်ငံသားတွေ ဖြစ်ပြီး ၁၉ ရာစု အကုန်လောက် ကတည်းက ကိုးကန့်နယ်ဟာ မြန်မာပိုင်နက် အဖြစ် တည်ရှိ လာတာလို့ ဘာတေ လစ်တ်နာက ပြောပါတယ်။

ကိုးကန့်က တရုတ်တို့ ဝတို့နဲ့ အဆက်အသွယ် ရှိပေမဲ့ ဒီတိုက်ပွဲတွေ နောက်မှာ တရုတ်က ဝင်ပါနေတယ် လို့တော့ သူ မထင်ကြောင်း ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခ ရပ်တန့်ဖို့ နိုင်ငံရေး အရ ပြေလည်အောင် ဆွေးနွေးဖို့ လိုတယ်၊ အခုမြန်မာ နိုင်ငံမှာ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အဲဒီလို မဟုတ်တဲ့ အတွက် မအောင်မြင် နိုင် ဘူးလို့ ဘာတေ လစ်တ်နာက သုံးသပ် ပါတယ်။